၄ မတ်
ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုတတိယနေ့ကို ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ရလဒ်ကောင်းနေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဂျပန်နှင့် ဗီယက်နမ် ယူ-၁၉ လက်ရွေးစင်အသင်းတို့ကို သရေကစားပြီးနောက်ဂျပန်ကလပ် အိုကီနာဝါအသင်းကို ဂိုးပြတ်အနိုင်ယူ ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယခုပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ၁ မိနစ်မှာပင် သဇင်အောင်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ကစားပုံပိုကောင်းလာပြီး စန်းသော်သော်က ၈၊ ၁၁ မိနစ်တွင် နှစ်ဂိုးဆက်သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် အိုကီနာဝါအသင်းက ချေပဂိုးနှစ်ဂိုးပြန်သွင်းခဲ့သော်လည်း မိနစ် ၅၀ တွင် မေဖူးကိုနှင့် ၅၄ မိနစ်တွင် လင်းမြင့်မိုရ်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သောကြောင့် မြန်မာအသင်း ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် သုံးပွဲကစားအပြီးတွင် ငါးမှတ်ရထားပြီး နောက်ဆုံးပွဲအဖြစ် မတ် ၅ ရက် နံနက်ပိုင်းတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF