ရန်ကုန် ၂၃ ဖေဖော်ဝါရီ
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် မတ် ၂ ရက်မှ ၆ ရက်အထိ ဂျပန်နိုင်ငံ၌ ကျင်းပမည့် ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၁၈ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၂၃ ရက်က ကစားခဲ့သည့် ခြေစမ်းပွဲအပြီးတွင် အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဂျပန်-အာဆီယံ ဖိတ်ခေါ်ပြိုင်ပွဲအတွက်သာ လူရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာပါက ချန်လှပ်ခဲ့သည့် ကစားသမားများနှင့် ပြန်ပေါင်းကာ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ပြန်လည်ပြင်ဆင်မည်ဖြစ်သည်။ အပြီးသတ်ရွေးချယ်ရာတွင် နန်းဟွမ်လှိုင်၊ လင်းလဲ့ဦး၊ ထက်အိန္ဒြာလင်း၊ သော်သော်နိုင်၊ သဲအိမိုး၊ ဝင်းစန္ဒာထွန်း၊ အယ်မူပေါ၊ သီတာဝင်းနှင့် အိစန္ဒာဇော်တို့ ချန်လှပ်ခဲ့ရသည်။
မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ - ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ- ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ- ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား- သရဖီအောင်၊ ဇူးလတ်နဒီ၊ နောက်တန်း- အိအိကျော်၊ နှင်းမြသဇင်၊ မိုးမမစိုး၊ နန့်ဇူးဇူးထက်၊ သဇင်အောင်၊ ဇွန်ယုယဦး၊ ကြည်ပြာလင်း၊ အလယ်တန်း- လင်းမြင့်မိုရ်၊ အေးအေးထွေး၊ ဘွဲ့လျန်ကိန်း၊ မေဖူးကို၊ နော်ထက်ထက်ဝေ၊ မိုးမိုးသန်း၊ ရှေ့တန်း- အေးမြတ်ခိုင်၊ နွယ်နီဝင်း၊ စန်းသော်သော်တို့ ပါဝင်ကြသည်။
ယင်းပြိုင်ပွဲတွင် အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (က) တွင် ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉ အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စု (ခ) တွင် ဂျပန်ကလပ် ဗစ်ဆဲအိုနီဂါဝါ၊ လာအို၊ မလေးရှား၊ စင်ကာပူနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။
ယခုပြိုင်ပွဲမှာ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သောကြောင့် အုပ်စုပွဲများကို ဆက်တိုက်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းသည် မတ် ၂ ရက်တွင် ဗီယက်နမ်၊ မတ် ၃ ရက်တွင် ဂျပန်၊ မတ် ၄ ရက်တွင် ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉ အသင်း၊ မတ် ၅ ရက်တွင် ထိုင်းအသင်းနှင့် လေးရက်ဆက်တိုက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဧပြီတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်