လာမည့် သီတင်းပတ်အတွင်း ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။


အဆိုပါ ၃နိုင်ငံမှ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် မေလ ၉ရက်နေ့တွင် ဆိုးလ်မြို့တော်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနပြောခွင့်ရှိသူ ချိုင်ကျူဆိုက တနင်္လာနေ့တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် အကောင်းဆုံးနည်းလမ်းအကြောင်း တာဝန်ရှိသူများက ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

လာမည့် အစည်းအဝေးအတွင်း ဂျပန်နှင့် တောင်ကိုရီးယား တာဝန်ရှိသူများကြား ဆွေးနွေးပွဲကို ကျင်းပဖွယ်ရှိဟု ဆိုကာ ပြောကြားသည်။ နှစ်ဖက်ဆွေးနွေးနိုင်ရန် အစီအစဉ်များ ပြုလုပ်နေဆဲဖြစ်ကြောင်း သူမက ပြောကြားသည်။

 

mdn

 

ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း စစ်ရေးအရ ပစ်မှတ်ထားသော ရေဒါနှင့်ပတ်သက်သည့် အချို့သော ဖြစ်ရပ်များ နှင့်ပတ်သက်၍ ဂျပန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးတာဝန်ရှိသူများ တင်းမာလျက်ရှိသည်။ တောင်ကိုရီး ယား စစ်ရေယာဉ်တစ်စင်းသည် ဂျပန်ပင်လယ်အတွင်း ဂျပန်ကင်းလှည့်လေယာဉ်တစ်စင်းကို ချိန်ရွယ်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံက ငြင်းဆန်ခဲ့သည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားကို ခွဲခြားထားသည့် ပန်မွန်ဂျုံ အပစ်အခတ်ရပ်စဲရေးရွာ၊ တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းရှိ ပူးတွဲလုံခြုံရေးဧရိယာသို့ ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုကို မနက်ဖြန်မှစ၍ ပြန်လည်စတင်မည်ဟု ၄င်းက ကြေညာခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က ပူးတွဲလုံခြုံရေးဧရိယာအတွင်း နယ်စပ်တစ်လျောက် လွတ်လပ်စွာ သွားလာရန် သဘောတူညီခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် မြောက်ကိုရီးယားနိုင်ငံက ရပ်တည်ချက် တင်းမာသောကြောင့် မြောက်ကိုရီးယားဘက်ခြမ်းကို ပိတ်ထားဖွယ်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn