၂၈ သြဂုတ်
ဂျပန်နိုင်ငံ အနေဖြင့် အရှေ့အလယ်ပိုင်းတင်းမာမှုများ ဖြေလျော့ရန် သံတမန်ရေးရာအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ် ၏ အလည်အပတ်ခရီးစဉ်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
အာဘေး သည် ဇာရစ်ဖ် နှင့် ယိုကိုဟားမားတွင် ယနေ့ တွေ့ဆုံခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လက အီရန်နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့စဉ် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ရန် သို့မဟုတ် ထုတ်လုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း အီရန်နိုင်ငံခေါင်းဆောင် အလီခါမေနီ က ပြတ်သားစွာပြောကြားခဲ့သည်ဟု အာဘေးက ပြန်လည်ပြောပြခဲ့သည်။
အီရန်နိုင်ငံ ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ကို ဂျပန်နိုင်ငံက စောင့်ကြည့်မည်ဖြစ်ပြီး ဒေသတွင်းတည်ငြိမ်ရေး အတွက် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။
ဇာရစ်ဖ်က ဂျပန်အစိုးရ၏ အခန်းကဏ္ဍကို ကြိုဆိုပါကြောင်း နှင့် အီရန်နိုင်ငံအနေဖြင့် တင်းမာမှုများ မြင့်မားလာခြင်းကို မလိုလားကြောင်း အလေးပေးပြောကြားခဲ့သည်။
လာမည့်လ အစောပိုင်းတွင် ယူရေနီယံ သန့်စင်မှု အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် အီရန်နိုင်ငံ စီစဉ်နေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း အာဘေးက ပြောကြားခဲ့ဖွယ်ရှိပြီး ၂၀၁၅ ခုနှစ်က နျူကလီးယားသဘောတူညီချက် ကန့်သတ်ချက်များ လိုက်နာရန် အီရန်နိုင်ငံကို တိုက်တွန်းပြောကြားခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို