ပညာရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း၍ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း (JMASVTI) အတွက် အထောက်အပံ့ (Grant Agreement) သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စတင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် ဂျပန်နိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် Mr. Kozo Yamamoto  တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ 

ထို့နောက် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း (JMASVTI) အတွက် အထောက်အပံ့ (Grant Agreement) သဘောတူစာချုပ်ကို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ဌာနေအကြီးအကဲ Mr.Masayuki Karasawa တို့က လက်မှတ်ရေးထိုးကြသည်။

ယခုအထောက်အပံ့စာချုပ်မှာ အသေးစိတ်ဒီဇိုင်းပိုင်းအတွက် ချုပ်ဆိုခြင်းဖြစ်ပြီး ဂျပန်ယန်း ၁၆၅ သန်း (မြန်မာကျပ်ငွေ သန်းပေါင်း ၂၂၀ဝ ကျော်)တန်ဖိုးရှိ အထောက်အပံ့များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး အဆောက်အဦ ဆောက်လုပ်ခြင်းဆိုင်ရာ အထောက်အပံ့များကိုလည်း မကြာမီလက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်မှာ ယခင် စက်မှုလက်မှု အထက်တန်းကျောင်း (အောင်ဆန်း)နေရာတွင် ဂျပန်နိုင်ငံ၏ စံချိန်စံညွှန်းနှင့်ကိုက်ညီသော နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခု တည်ထောင်နိုင်ရန် ရည်ရွယ်ပြီး သင်တန်းသစ်များအတွက် လိုအပ်သော ပစ္စည်းကိရိယာများကို အထောက်အပံ့ပေးခြင်းနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့ပေးခြင်း တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

လာမည့် စာသင်နှစ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI) ၌ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်ပညာရပ် (A.G.T.I) ဒီပလိုမာ သုံးနှစ်သင်တန်းများကို ကျောင်းဆောင်သစ်များ ဆောက်လုပ်နေစဉ်ကာလအတွင်း ယာယီကျောင်းဆောင်များ၌ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အထောက်အပံ့စီမံကိန်းမှာ ၂၀၂၁ ခုနှစ်၊ မေလတွင် ပြီးစီးမည် ဖြစ်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)