ဗန်းမော် ၄ နိုဝင်ဘာ

 

ဗန်းမော်မြို့တွင် ဂျပန်-မြန်မာ ချစ်ကြည်ရေး အခြေခံပညာမူလတန်းလွန်ကျောင်း အာစီတစ်ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ၂ မိုင်အောင်သာရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး ရုံးလက်ထောက်ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တတိယအတွင်းဝန် မစ္စတာကာဝါတာဘာ တို့က ကျောင်းရှေ့၌ ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းနှင့် ဂျပန်သံရုံး တတိယအတွင်းဝန်တို့က အမှာစကားပြောကြား၍ ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ဂျာဘူက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ထို့နောက် တတိယအတွင်းဝန် ကာဝါဘာတာနှင့် Ultra ကုမ္ပဏီ လီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးကျော်စွာဝင်းတို့က တစ်ထပ်အာစီ ကျောင်းဆောင်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြရာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်လေးနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ဒုတိယဥက္ကဋ္ဌ ဦးအင်ဆိုင်းတူးတို့က လက်ခံယူခဲ့ပြီး ၂ မိုင်အောင်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနော်လီက တတိယအတွင်းဝန်အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။

 

အာစီတစ်ထပ်ကျောင်းဆောင်သစ် (၁၄၀ ပေ × ၁၀ ပေ × ၃၀ ပေ) နှင့် အာစီသုံးခန်းတွဲ သန့်စင်ခန်း၊ စာသင်ခုံတို့ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အမေရိကန်ဒေါ်လာ ၁၅၁၁၅၁ လှူဒါန်းခဲ့ပြီးULTRA ကုမ္ပဏီက ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။

 

ဆီမီးခုံ- နန်းရီ