ရန်ကုန်၊ ၂၅ ဇန်နဝါရီ  

 

ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအဖြစ် ရန်ကုန်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂျပန်-မြန်မာ ယဉ်ကျေးမှုပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲမှရရှိငွေများကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ဂျပန်-မြန်မာပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။

 

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပခဲ့သော ဂျပန်-မြန်မာ ပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက် (တနင်္ဂနွေနေ့) ညနေ ၆ နာရီတွင် “အခက်အခဲများကို အတူကျော်ဖြတ်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလကြီးအတွင်း အပြန်အလှန်ဖေးမအားပေးမှုဖြင့် ဂျပန်-မြန်မာ နာမည်ကြီးအနုပညာရှင်များ ပါဝင်သီဆိုဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည်။

 

မြန်မာနှင့် ဂျပန် ပေါင်းကူးဆက်သွယ်ပေးသည့် အထူးခြားဆုံး ယဉ်ကျေးမှုဖလှယ်ပွဲကြီးဖြစ်ကာ နှစ်နိုင်ငံ ပရိသတ်အားပေးမှု အများဆုံးရရှိနေသော ပွဲတော်ကြီးလည်းဖြစ်၍ ပွဲတော်၏ အထူးတိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်များကို MNTV ရုပ်သံလိုင်းနှင့် ဂျပန်-မြန်မာပွဲတော် Facebook Page တို့မှ မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများနှင့် မြန်မာကိုချစ်မြတ်နိုးသော ဂျပန်ပရိသတ်တို့အတွက် ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်သည်။

 

အဆိုပါ ဂျပန်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအဖြစ် ကျင်းပသော နှစ်နိုင်ငံယဉ်ကျေးမှုပွဲတော်ကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ် Charity Program ကို ထည့်သွင်းထားကာ ယင်း Program မှ နှစ်နိုင်ငံပါဝင်သီဆိုမည့် အနုပညာရှင်များက တိုက်ရိုက်နှိုးဆော်သွားမည်ဖြစ်၍ ပရိသတ်များကလည်း ပါဝင်လှူဒါန်းသွားနိုင်မည် ဖြစ်သည်။

 

ဂျပန်- မြန်မာ ယဉ်ကျေးမှုပွဲတော်ကြီးကို ယခုနှစ်တွင် ရန်ကုန်မြို့၌ (၇)ကြိမ်မြောက် ကျင်းပမည်ဖြစ်ကာ နှစ်နိုင်ငံမှ ပါဝင်သီဆိုကြမည့် အနုပညာရှင်များမှာ Hirahara Ayaka ၊ Morisaki Win ၊ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော်၊ X – Boxin နှင့် မေလသံစဉ်တို့က ပါဝင်သီဆို ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။ (၆)ကြိမ်မြောက် ဂျပန်-မြန်မာပွဲတော်ကြီးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ရန်ကုန်မြို့  သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အီးဗင်းပတ်စ်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေတစ်ရပ်ကြောင့် ရုပ်သံလိုင်းများမှ ပြည်တွင်း၊ ပြည်ပသို့ ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။   

 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်