တိုကျို ၁၈ ဖေဖော်ဝါရီ
ဂျပန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးများက နှစ်နိုင်ငံအငြင်းပွားလျက်ရှိသည့် ကျွန်းများအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြရာ ရလဒ်ထွက်ပေါ်မှုမရှိခဲ့ဘဲ ဆက်လက်စေ့စပ်ညှိနှိုင်းရန်အတွက်သာ သဘောတူညီနိုင်ခဲ့ကြကြောင်း ယမံနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေး လက်ဗ်ရို့ဗ်တို့သည် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင်ကျင်းပသော လုံခြုံရေးကောင်စီအစည်းအဝေးသို့ တက်ရောက်ပြီးနောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက အငြင်းပွားလျက်ရှိသော ကျွန်းများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ရပ် ထွက်ပေါ်လာစေရန် စေ့စပ်ညှိနှိုင်း ခဲ့ကြသည်။
နိုဝင်ဘာလတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် ၁၉၅၆ ခုနှစ် နှစ်နိုင်ငံပူးတွဲကြေညာချက်အပေါ် အခြေခံပြီး အပြန်အလှန်စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
ခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့သည့်ပူးတွဲကြေညာချက်အပေါ် အခြေခံကာ နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက်ဆွေးနွေး ခဲ့ကြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက အငြင်းပွား ကျွန်းများပေါ်တွင် ရုရှားနိုင်ငံ၏ အချုပ်အခြာ အာဏာသက်ဝင်ရမည်ဆိုသည့် အချက်သည်နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းမှုတွင် အဓိကအရေး ပါသောအချက်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါကျွန်းများသည် ဒုတိယ ကမ္ဘာစစ်၏ ရလဒ်ထွက်ပေါ်မှုတစ်ခု အဖြစ်ရုရှားနိုင်ငံက ပိုင်ဆိုင်သွားပြီဖြစ်ပါကြောင်း ဝန်ကြီးဆာဂျေး လက်ဗ်ရို့ဗ်က ဆက်လက်ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးကိုနိုက အဆိုပါကျွန်းများသည်ဂျပန်နိုင်ငံ၏ ဘိုးဘွားပိုင်အမွေအနှစ် ဖြစ်ပါသည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သို့သော် ဝန်ကြီးများက ကျွန်းများပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။
နှစ်ပေါင်း ၇၀ ကြာခဲ့ပြီဖြစ်သော နှစ်နိုင်ငံ အငြင်းပွားလျက်ရှိသည့် ကျွန်း ပိုင်ဆိုင်မှု အရေးကိစ္စကို နေ့ချင်း၊ ညချင်းဖြေရှင်းရန် မဖြစ်နိုင်ကြောင်း ဝန်ကြီးကိုနိုကဆိုသည်။ ၎င်းအနေဖြင့် နောက်ဆုံးရလဒ်ထွက်ပေါ်သည့်တိုင် ဝန်ကြီးဆာဂျေး လက်ဗ်ရို့ဗ်နှင့်အတူ စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ