တိုကျို ဖေဖော်ဝါရီ ၉
ဂျပန်ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်ချက်အောင်မြင်ခဲ့ပြီဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် တာကာအိချီဆာနဲဦးဆောင်သော အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ဖေဖော်ဝါရီ ၈ ရက် အောက်လွှတ်တော်ဆန္ဒမဲခံယူပွဲတွင် သုံးပုံနှစ်ပုံအများစုအင်အားကို ရရှိခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုကို ရရှိခဲ့သည်။
ပါတီတစ်ခုအတွက် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့်ပွဲဖြစ်သော်လည်း တခြားပါတီများအတွက် ကြီးမားသည့် ရှုံးနိမ့်မှုကြီးတစ်ခုဖြစ်သည်။ အဓိကအတိုက်အခံပါတီမှ ပါတီခေါင်းဆောင်များ ရာထူးမှနုတ်ထွက်ရန် ကြံရွယ်လျက်ရှိသောကြောင့် ယင်းပါတီက နောက်ထပ်ခြေလှမ်းများအတွက် အဖြေရှာရန် ကြိုးစားလျက်ရှိသည်။
တာကာအိချီသည် ဖေဖော်ဝါရီ ၉ ရက်က သတင်းစာရှင်းလင်းပွဲ တစ်ခုကျင်းပခဲ့ပြီး ၎င်း၏ မူဝါဒအစီအစဉ်များကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများက မိမိတို့ကို အားတက်သရောအားပေးဝန်းရံခဲ့ကြကြောင်း၊ မည်သို့ပင်ဖြစ်စေကာမူ ယခုမူဝါဒမှတစ်ဆင့် ပြောင်းလဲမှုကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်သည့်ပါတီတစ်ခုဖြစ်သည်နှင့်အညီ မိမိတို့သည် အံကိုတင်းတင်းကြိတ်၍ ပြည်သူကို ပေးထားသည့် ကတိများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အားလုံး၏ရှေ့တွင် မားမားမတ်မတ်ရပ်ပြီး ပြီးမြောက်အောင်မြင်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာကာအိချီက ပြောသည်။
အင်န်အိတ်ချ်ကေ


