တိုကျို ၉ သြဂုတ်

ဂျပန်နိုင်ငံအလယ်ပိုင်းရှိ အာစာမာမီးတောင်၌ ယခုရက်ပိုင်းအတွင်း အသေးစားပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အဆိုပါ မီးတောင်အနီးအနားတွင် သွားရောက်ခြင်းမပြုရန် ပြည်သူများကို သတိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နာဂါနိုနှင့် ဂွန်းမ ခရိုင်အကြား ခွလျက်တည်ရှိသည့် အာစာမာမီးတောင် မှာ သြဂုတ် ၇ ရက်ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မိုးလေဝသ အေဂျင်စီက မီးတောင်သတိပေးချက်အဆင့် ငါးဆင့်အနက် ယခင် အဆင့် ၁ အဖြစ် သတ်မှတ်ထားရာမှ အဆင့် ၃ သို့ မြှင့်တင်ခဲ့သည်။

မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ချိုင့်ဝှမ်းထဲမှ မီးခိုးငွေ့များ သည် မီးတောင်ဝမှအထက် မီတာ ၁၈၀ဝ ကျော် အမြင့်အထိ ရောက်ရှိခဲ့ပြီး မီးတောင်ချိုင့်ဝှမ်းမှ ကြီးမားသည့် ကျောက်စိုင်ကျောက်ခဲများမှာ မီတာ ၂၀ဝ အကွာအဝေးအထိ လွင့်စဉ်ခဲ့ကြောင်း မိုးလေဝသ အာဏာပိုင်များက ပြောကြားခဲ့သည်။

မီးတောင်ဝမှ လေးကီလိုမီတာအကွာခန့်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် မီးတောင်ပေါက်ကွဲမှုများ ကျောက်သားများ လွင့်စဉ် လာနိုင်သည့် အန္တရာယ်နှင့် မီးတောင်ပေါက်ကွဲမှု အရှိန်ကြောင့် တုန်ခါမှုက နေအိမ်ပြတင်းပေါက်များ ကွဲကြေစေနိုင်သည့်အတွက် သတိပေးထားကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ