တိုကျို ၂၅ ဖေဖော်ဝါရီ
ဂျပန်ဘုရင်အကီဟီတို နန်းစံနှစ် အနှစ် ၃၀ ပြည့် အခမ်းအနားကို တိုကျိုမြို့တွင် တနင်္ဂနွေနေ့က ကျင်းပပြီး ဂျပန်ဘုရင် နှင့် မိဖုရားတို့ တက်ရောက်ခဲ့ကြသည်။ အမျိုးသားကဇာတ်ရုံကြီးအတွင်း ကျင်းပသော အဆိုပါပွဲသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ၊ နိုင်ငံတော်တရားသူ ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့ကြသည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဝမ်းမြောက်ကြောင်းစကား ပြောကြားရာတွင် ဘုရင်မှာ တိုင်းပြည်၏သင်္ကေတပင် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကာလအတွင်း ပြည်သူများ စုစည်းညီညွတ်ခဲ့ကြောင်း၊ ဂျပန်ဘုရင် အကီဟီတိုသည်လည်း တာဝန်များကို စိတ်ရောကိုယ်ပါနှစ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူများနှင့်အနီးကပ် ရပ်တည်ပေးခဲ့ကြောင်း ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာတွင် အခြေအနေများ လျင်မြန်စွာ ပြောင်းလဲနေသည့်ကာလတွင် ဂျပန်ပြည်သူများသည် ဂျပန်နိုင်ငံ၏ တောက်ပသော အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်၊ ဂုဏ်သိက္ခာအပြည့်ဖြင့် အလုပ်ကြိုးစား လုပ်ကိုင်နေကြကြောင်းလည်း မစ္စတာအာဘေးက ပြောကြားခဲ့သည်။ ဖူကူရှီးမား အုပ်ချုပ်ရေးမှူး မာဆာအိုနှင့် ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ယိုရီကိုကာဝါဂူချီတို့သည်လည်း အသီးသီးမိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ယိုရီကိုသည် ဂျပန်ဘုရင်နှင့် မိဖုရားတို့နှင့်အတူ နိုင်ငံခြားခရီးစဉ် ပေါင်းများစွာ သွားလာခဲ့ဖူးကြောင်း သိရသည်။ ဂျပန်ဘုရင်ကလည်း ယနေ့ထိတိုင် ၄င်း၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းအတွက် ပြည်သူများကို ကျေးဇူးတင်ကြောင်း၊ ပြည်သူများသည် ညီညွတ်ခြင်း၏အင်အား တစ်ခုအဖြစ် ရပ်တည်ပေးခဲ့ကြကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ဂျပန်ဘုရင်သည် ဧပြီ ၃၀ ရက်တွင် နန်းစွန့်မည်ဟု ကြေညာထားပြီး မေလတစ်ရက်နေ့တွင် အိမ်ရှေ့စံ နာရူးဟီတိုက ထီးနန်းဆက်ခံမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ