ရန်ကုန် ၁၂ ဒီဇင်ဘာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော ဂျပန်ဘုရင့်မျိူးနွယ် မင်းသမီး Yoko Mikasa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တာဝန်ရှိသူတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရေဝေးသုဿန်ရှိ ဂျပန်စစ်သင်္ချိုင်းသို့ သွားရောက်လေ့လာကြသည်။
ထိုသို့လေ့လာရာတွင် ဂျပန်ဘုရင့်မျိူးနွယ် မင်းသမီးနှင့်အဖွဲ့သည် ဂျပန်စစ်သင်္ချိုင်းဝင်းအတွင်းရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ် နေရာအပါအဝင် အခြားသော အထိမ်းအမှတ်နေရာများအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ဂျပန်ဘုရင့်မျိူးနွယ် မင်းသမီးနှင့်အဖွဲ့သည် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပုဂံ-ညောင်ဦးမြို့သို့ ထွက်ခွာကြသည်။
ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ မင်းသမီးနှင့်အဖွဲ့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပုဂံ-ညောင်ဦး လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ညနေပိုင်းတွင် ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီး Yoko Mikasa နှင့်အဖွဲ့သည် အလိုတော်ပြည့်စေတီ၊ ရွှေစည်းခုံစေတီတို့သို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။ ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီးသည် ရွှေစည်းခုံဘုရားတွင် ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းကာ ရွှေစည်းခုံဘုရား ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီးနှင့်အဖွဲ့သည် ညနေ ၅ နာရီတွင် နန်းမြင့်မျှော်စင်သို့ သွားရောက်၍ ပုဂံဆည်းဆာအလှကို ကြည့်ရှုကြကြောင်း သိရသည်။
သတင်းစဉ်၊ ဖေလိန်း (ပုဂံ)