ရန်ကုန် ၁၄ ဒီဇင်ဘာ
မြန်မာနိုင်ငံ၌ အလည်အပတ်ခရီးရောက်ရှိနေသည့် ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီး Yoko Mikasa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ရောက်ရှိပြီး ဧည့်ခံတန်ဆောင်း၌ စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော် ပုံတူပန်းချီကား၊ ရွှေတိဂုံစေတီတော် သမိုင်းစာအုပ်နှင့် အလှူငွေပေးအပ်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ဂျပန်ဘုရင့်မျိုးနွယ်မင်းသမီးသည် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်တို့ကို ဓာတ်ပုံနှင့်တကွ ရှင်းလင်းပြသပြီး ဂျပန်ဘုရင့် မျိုးနွယ်မင်းသမီးနှင့်အဖွဲ့သည် ဧည့်ခံတန်ဆောင်းရှိ ရွှေစေတီ၊ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ဓမ္မစေတီဘုရား၊ ဓမ္မစေတီဂူဘုရားနှင့် ရွှေတိဂုံစေတီတော်အား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။
ဆက်လက်၍ ဂျပန်ဘုရင့်မျိုးနွယ်မင်းသမီးနှင့် အဖွဲ့သည် ခြောက်ထပ်ကြီးဘုရားသို့ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးကာ ခြောက်ထပ်ကြီး ဘုရားကို ဖူးမြော်ကြည်ညိုသည်။
မွန်းလွဲပိုင်းတွင် ဂျပန်ဘုရင့်မျိုးနွယ်မင်းသမီးနှင့် အဖွဲ့သည် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်)သို့ ရောက်ရှိရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းနှင့် တာဝန်ရှိသူများက အမျိုးသားပြတိုက်အတွင်း လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီးနှင့်အဖွဲ့သည် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
သတင်းစဉ်