ရန်ကုန်  ၂၇  ဒီဇင်ဘာ

 

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂျပန်စတိုင် ဆယ်ပြားဈေးပွဲတော်ကို ရန်ကုန်မြို့ ပြည်လမ်း စိန်ဂေဟာ စူပါစင်တာနှင့် မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (SEDA) အသင်းတို့ ပူးပေါင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါဈေးရောင်းပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်း စိန်ဂေဟာ စူပါစင်တာ ကားပါကင်ဧရိယာတွင် နံနက် ၉ နာရီမှ ည ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဂျပန်လူမျိုးတွေရဲ့အတုယူဖို့ကောင်းတဲ့ ယဉ်ကျေးမှုလေးတစ်ခုကို ကျွန်တော်တို့ မြန်မာလူမျိုး မြန်မာနိုင်ငံနဲ့ မိတ်ဆက်ပေးတာပါ။ ဒီဆယ်ပြားဈေးဆိုတာက ဂျပန်နိုင်ငံမှာ ဂျပန်လူမျိုးတွေက သူတို့ ဝယ်ထားသုံးထားတဲ့ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို တကယ်အသုံးလိုတဲ့ အသုံးဝင်တဲ့လူတွေ လက်ထဲကို ဈေးပေါပေါလေးနဲ့ လက်ဆင့်ကမ်းပေးတဲ့ ယဉ်ကျေးမှုလေးပါ” ဟု SEDA အသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက ပြောသည်။

 

ဈေးပွဲတော်တွင် ဆိုင်ခန်းပေါင်း (၃၀)ခန့် ပါဝင်ရောင်းချသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်း ၆၀ ရာခိုင်နှုန်းခန့်နှင့် အခြားလူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာရောင်းချမည် ဖြစ်ကြောင်း သိရသည်။ ဈေးပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်များနှင့် ကံစမ်းမဲဖောက်ပေးခြင်းတို့အပြင် ဂျပန်နိုင်ငံသားများ၏ ဆာမူရိုင်းပြကွက်များကိုလည်း တင်ဆက်ပြမည်ဖြစ်ကြောင်း သိရသည်။

 

ဂျပန်စတိုင် ဆယ်ပြားဈေးပွဲတော်ကို မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ပြည်သူ့ရင်ပြင်၌ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၁၁ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)