နေပြည်တော် ၁၀ နိုဝင်ဘာ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျပန်ဈေးကွက်ခရီးသွားမြှင့်တင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ Sule Shangri La Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခုအစည်းအဝေးသည် မြန်မာနိုင်ငံသို့ ဂျပန်ခရီးသွားများ ပိုမိုလာရောက်ရေး ဂျပန်ဈေးကွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေး အသုံးစရိတ်များသုံးစွဲ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အမှတ်တံဆိပ်ကို နိုင်ငံတကာသို့ ပိုမိုထိုးဖောက်မြှင့်တင်နိုင်ရေး၊ သက်ဆိုင်ရာနိုင်ငံဒေသအလိုက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်း အဖွဲ့များနှင့် Digital Marketing အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ခရီးသွားမြှင့်တင်ရေးလက်ကမ်း စာစောင်များနှင့် ခရီးစဉ်ဒေသများ အကြောင်း ရိုက်ကူးထားသည့် CD, DVD များကို ဂျပန်ဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေ၍ ဂျပန်နိုင်ငံသို့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေ လျက်ရှိပါ ကြောင်း၊ JATA Tourism Expo ခရီးသွားပြပွဲများ၊ Road Show များမှတစ်ဆင့် ဂျပန်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်စေရေး မြှင့်တင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ ABC TV ရိုက်ကူးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရှိ ထင်ရှားသည့် ခရီးစဉ်များကို ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း မြှင့်တင်ရေးအတွက် ၂၀၁၇ခုနှစ်တွင်ဂျပန်နိုင်ငံမှ ချယ်ရီသံတမန် Mr. Kanta Kori၊ ၂၀၁၈ခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ Mrs. Junko KOSHINO နှင့် ၂၀၁၈ခုနှစ် သြဂုတ်လ မြန်မာပြည်ဖွား ဂျပန်အဆိုတော် မိုရီဆာကီဝင်းတို့ကို ဂျပန်ခရီးသွားမြှင့် တင်ရေးအတွက် ခရီးသွားသံတမန်များအဖြစ် ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံအကြောင်းကို ဂျပန်နိုင်ငံ သားများပိုမိုသိရှိပြီး လာရောက်လည်ပတ်စေနိုင်ရေး မြှင့်တင် ဆောင်ရွက်ခဲ့ပါကြောင်း။
ဂျပန်-မြန်မာချစ်ကြည်ရေး ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်များ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် လွိုင်ကော်၊ နေပြည်တော်နှင့် ချင်းပြည်နယ်တို့တွင် စိုက်ပျိုးသွား မည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံအပါအဝင် တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မကာအိုနှင့် အိန္ဒိယ နိုင်ငံများမှ ခရီးသွားဧည့်သည်များမြန်မာနိုင်ငံသို့ ပိုမိုလွယ်ကူ အဆင် ပြေစွာလာရောက်နိုင်ရေးအတွက် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ဗီဇာဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ တစ်နှစ်ထပ်မံ သက်တမ်းတိုးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုအစည်းအဝေးတွင် ဂျပန်လူမျိုးများ၏ အားလပ်ရက်များရရှိသော ဧပြီ၊ မေ၊ သြဂုတ်၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလ တို့တွင် မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်စေရန် အစီအစဉ်များရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြ စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးတင်လတ် က မြန်မာ-ဂျပန်နှစ်နိုင်ငံ ပိုမိုနက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခြင်းမှ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ဝန်ကြီးဌာနက အကောင်အထည်ဖော်နေသော Digital Tourism Promotion တွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းတို့က အမှာစကား ပြောကြား ခဲ့ကြသည်။
ဆက်လက်၍ မြန်မာ-ဂျပန် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက ရှေ့လုပ်ငန်းစဉ်များ အားလည်းကောင်း၊ ဂျပန် Inbound လုပ်ကိုင်နေသော ခရီးသွားကုမ္ပဏီများက မြန်မာနိုင်ငံသို့ဂျပန်နိုင်ငံ သားများဝင်ရောက်လာမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်းဥက္ကဋ္ဌက ဂျပန်ခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ခရီးစဉ်အဖွဲ့ဝင်များ၏ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြကြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှုးချုပ်တို့မှ ပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)


