နေပြည်တော်၊ အောက်တိုဘာ ၂၈

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန်ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project- 2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် ဂျပန်ခရီးသွား ဧည့်သည် များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေး အသိပညာပေးဆွေးနွေးပွဲကို  အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံတွင် နိုင်ငံတကာ ခရီးသွားလုပ်ငန်းများကို ဖွင့်လှစ်ခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်နေသော ဝန်ထမ်းများနှင့် ၎င်းတို့၏ ဝန်ဆောင် မှုအရည်အသွေးများ ကောင်းမွန်ရေးသည် အလွန်အရေးကြီးသည့်အတွက် အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဂျပန်ခရီးသွား ဧည့်သည် သန်း (၂၀) ခန့် ကမ္ဘာနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့အနက် အာဆီယံဒေသသို့ (၅ ဒသမ ၆) သန်း ရောက်ရှိခဲ့ပါကြောင်း၊  ကပ်ရောဂါကာလအတွင်း ပြည်ပထွက်ခွာဈေးကွက်မှာ ရပ်တန့်နေခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ဂျပန် နိုင်ငံ၏ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ပေးခဲ့သည့်အတွက် ယခုနှစ်အတွင်း လစဉ် ဂျပန်ပြည်ပထွက်ခွာ ခရီးသွားဧည့်သည်များ တဖြည်းဖြည်းတိုးလာသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဂျပန် ခရီးသွားဧည့်သည် (၀ ဒသမ ၁၂၅) သန်း လက်ခံရရှိခဲ့ပြီး ဂျပန်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏အဓိက စျေးကွက်များအနက် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ယနေ့ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လျက်ရှိသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးပွဲရည်မှန်းချက်များ ပြည့်မီစေရေး အလေးထား လေ့လာဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် နေပြည်တော်တွင်သာမက အခြားခရီးစဉ် ဒေသများဖြစ်သည့် ပုဂံနှင့် အင်းလေးဒေသများတွင်ပါ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် အာဆီယံ- ဂျပန်ပူး ပေါင်းဆောင်ရွက် ရေး နှစ်(၅၀)ပြည့် အခမ်းအနားအပါအဝင် အနာဂတ်ကာလတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များကို အာဆီယံ-ဂျပန် ဗဟိုဌာနနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ အာဆီယံ- ဂျပန်ဗဟိုဌာန အတွင်းရေးမှူးချုပ် H.E. Dr. Kunihiko Hirabayashi က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံနှင့် အာဆီယံ-ဂျပန်ဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ဂျပန် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆက်လက် ဆွေးနွေးကြသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးစိုးဟန်၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မန္တလာတက္ကသိုလ် နှင့် အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ်မှ ဆရာ/ ဆရာမများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

(သတင်းစဉ်)