တိုကျို ဇန်နဝါရီ ၁၅
ဂျပန်နိုင်ငံမှ တီထွင်ထုတ်လုပ်လိုက်သော လဆင်းယာဉ်တစ်စင်းသည် ဖလော်ရီဒါပြည်နယ်မှ အမေရိကန်ဒုံးပျံဖြင့် လွှတ်တင်လိုက်ပြီးနောက် ပတ်လမ်းအတွင်းသို့ အောင်မြင်စွာဝင်ရောက် နိုင်ခဲ့ကြောင်း သိရသည်။
တိုကျိုအခြေစိုက် ပုဂ္ဂလိက လဆင်းယာဉ် စူးစမ်းလေ့လာရေး စက်ရုပ်တီထွင်သည့် ကုမ္ပဏီ ispace သည် ၂၀၂၃ ခုနှစ် ဧပြီလ တွင် ပထမဆုံးအကြိမ် ကြိုးပမ်း အားထုတ်မှု မအောင်မမြင်ဖြစ်ခဲ့ ပြီးနောက် ယခုအခါ လကမ္ဘာသို့ လဆင်းယာဉ် ဒုတိယအကြိမ် ဆင်းသက်ရန် လုပ်ဆောင်လျက် ရှိသည်။
လဆင်းယာဉ် သယ်ဆောင်သော ဒုံးပျံကို ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီက ကနေဒီအာကာသစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အာကာသယာဉ်သည် လွှတ်တင်ပြီး မိနစ် ၉၀ ခန့်အကြာတွင် ဒုံးပျံမှ ခွဲထွက်ကာ ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ သည်။
ispace ကုမ္ပဏီသည် ၎င်း၏ လဆင်းယာဉ် လကမ္ဘာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ပါက လကမ္ဘာ သို့ ဆင်းသက်နိုင်သော ပထမဆုံးပုဂ္ဂလိက ဂျပန်ကုမ္ပဏီ ဖြစ်လာမည်ဖြစ်သည်။
ispace ကုမ္ပဏီမှ စီအီးအိုဖြစ်သူ ဟာကာမာဒါ တာကေရှီက လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပထမဆုံးအကြိမ် ကြိုးပမ်းအားထုတ်မှုမှ သင်ခန်းစာများကို လေ့လာပြီး ယုံကြည်မှုအပြည့် ဖြင့် လဆင်းယာဉ်မစ်ရှင်ကို လုပ်ဆောင်နေကြောင်း ပြောသည်။
အင်န်အိတ်ချ်ကေ