ဂျပန်၌ ကန့်သတ်ချက်များ ဖယ်ရှားလိုက်ပြီးနောက် ပြည်တွင်း၌ ခရီးသွားလာမှုများ ပြန်လည်စတင်

တိုကျို ၂၂ ဇွန်

 

ဂျပန်နိုင်ငံအတွင်း အစိုးရက ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ပြီးနောက် ပြည်တွင်း၌ ခရီးသွားလာမှုများ ကို ယခုရက်သတ္တပတ်တွင် ပြန်လည်စတင်လျက်ရှိကြောင်း သိရသည်။

 

ဟိုတယ်များနှင့် ရှုခင်းသာ အပန်းဖြေခရီးသွားလာရေး ကုမ္ပဏီများအနေဖြင့် ပျောက်ကွယ်နေသည့် ခရီးသွားများကို ဝမ်းမြောက်ဝမ်းသာ ပြန်လည်မြင်တွေ့ရပြီ ဖြစ်သော်လည်း ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဂျပန်ပြည်သူအချို့အတွက် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များ အဆုံးသတ်သွားခြင်းသည် လအနည်းငယ်အတွင်း မိမိတို့၏မိသားစုဝင်များ နှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံရသည့် အခွင့်အရေးတစ်ခုပင်ဖြစ်ကြောင်း သိရသည်။

 

အိမ်တွင်းပုန်း နေထိုင်ကြရသူများအဖြစ်မှ ခရီးသွားသူများအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည့် အတွက် ပျော်ရွှင်ရသော်လည်း ခရီးသွားကုမ္ပဏီများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်ကို အထူးသတိပြုနေရဆဲ ဖြစ်သည်။

 

နေ့ခရီးစဉ် သွားလာမှုများကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုက လုပ်ငန်းပြန်လည်ပတ်သည့် ပထမနေ့တွင် ခရီးစဉ်အမျိုးမျိုးအတွက် ခရီးသည် ၁၄၀ ကို ကြိုတင်လက်ခံခဲ့ပြီး ခရီးသည်တင် ဘတ်စ်ကားများ အားလုံးကို ပိုးသတ်ခြင်းနှင့် လေဝင်လေထွက်ကောင်းမွန်အောင် ဆောင်ရွက်ပေးကြောင်း၊ ခရီးသည် တစ်ဦးနှင့်တစ်ဦးအကြား နေရာချဲ့ထားခြင်းတို့ကို ကျန်းမာရေး စည်းကမ်းနှင့်အညီ ဆောင်ရွက်ခဲ့ရကြောင်း ပြောကြားသည်။

 

အင်န်အိတ်ချ်ကေ