၂၆  နိုဝင်ဘာ

ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ကြောက်စရာကောင်းလောက်အောင် ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်မှုနဲ့ ဆူနာမီဒဏ်တို့ကြောင့် စိတ်မကောင်းဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာတွေ တစ်လှေကြီး ကြုံတွေ့ခဲ့ရပါတယ်။ သေသူသေ၊ ဒုက္ခရောက်သူရောက်နဲ့ အပူလုံးကြွပြီး ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖိုတွေလည်း ရှိနေလေတော့ ပိုမိုကြီးမားတဲ့ ဘေးအန္တရာယ်နဲ့တောင် ရင်ဆိုင်ခဲ့ရပါတယ်။ နျူကလီးယားဓာတ်ပေါင်းဖိုတွေထဲမှာမှ ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖို မတော်တဆဖြစ်တဲ့အခြေအနေနဲ့လည်း ကြုံတွေ့ခဲ့ကြပါသေးတယ်။ အဲဒီလိုဒုက္ခတွေနဲ့ မကင်းတဲ့သူတွေကို ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တွေ့ဆုံခဲ့ပြီး အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ၂၀၁၁ ခုနှစ်ကို ကပ်ဘေးသုံးခု ရင်ဆိုင်ကြုံတွေ့ရတဲ့ နှစ်တစ်နှစ်အဖြစ် သမုတ်ခဲ့ကြသလို အတိတ်ရဲ့ သုံးပွင့်ဆိုင်ဘေးအန္တရာယ်အကြောင်းတွေကို ပြန်ပြောင်းပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆူနာမီလှိုင်းတွေက ဝါးမြို့

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်မှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် လူပေါင်း ၁၆၀၀၀ နီးပါး သေဆုံးခဲ့ပြီး လူထောင်သောင်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီနေ့ရဲ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှာ ဂျပန်နိုင်ငံ မီယာဂီစီရင်စုရဲ့ အရှေ့ ဘက် မိုင် ၈၀ လောက်အကွာ ကီလိုမီတာ ၁၃၀ လောက်မှာ ပစိဖိတ်ပင်လယ်ကြမ်းပြင်ကို ဗဟိုပြုပြီး ပြင်းအား ၉ ဒသမ ၀ အဆင့် ရှိတဲ့ ငလျင်ကြီးတစ်ခု လှုပ်သွားခဲ့ပါတယ်။ ငလျင်ကြီးကြောင့် အမြင့် ၁၆ ဒသမ ၇ မီတာ (၅၄ ဒသမ ၈ ပေ)လောက်ရှိတဲ့ လှိုင်းလုံးကြီးတွေဟာ ဒေသခံတွေကို ဆွဲငင်ယူဆောင်သွားကြသလို အိမ်တွေကိုလည်းဖျက်ဆီးခဲ့ပြီး ကွန်ကရစ်တိုက်တွေကိုလည်း ဝါးမြိုလိုက်ကြပါတော့တယ်။

ငလျင်လှုပ်ပြီး သိပ်မကြာခင်မှာပဲဆူနာမီ လှိုင်းတွေဟာ ဖူကူရှီးမားဒိုင်အိချီ နျူကလီးယားဓာတ်ပေါင်းဖို အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသတွေကို လွှမ်းခြုံသွားကြပါတော့တယ်။ အဲဒီ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖိုကို တိုကျိုလျှပ်စစ်စွမ်းအင် (တပ်ကို)က စီမံခန့်ခွဲလည်ပတ်ခဲ့တာဖြစ်ပါတယ်။ ဖူကူ ရှီးမားနျူကလီးယားဓာတ်ပေါင်းဖိုရဲ့ စွမ်းအင်ထောက်ပံ့ရေးနဲ့ အအေးပေးစနစ်တို့ဟာ လုံးဝပျက်စီးသွားခဲ့ပြီး အကျိုးဆက်အားဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုခြောက်လုံးရှိတဲ့အနက် သုံးလုံးဟာ အပူလွန်ကာ အရည်ပျော် ကျသွားခဲ့ပါတယ်။ အစိုးရကလည်း အဲဒီကိစ္စ ဖြစ်ပြီးပြီးချင်း ၃ ကီလိုမီတာအတွင်းမှာရှိတဲ့ ဒေသခံတွေကို အလျင်အမြန်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ဖို့ ဆော်ဩခဲ့ရသလို နျူကလီးယားဖိတ်စဉ်မှုမှ ရှောင်လွှဲနိုင်ရန် အိမ်ထဲတွင်သာ နေထိုင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

စိမ့်ထွက်ယိုစီးမှုတွေ ဆက်ဖြစ်

နောက်ရက်တွေမှာတော့ ရွှေ့ပြောင်းမှုလုပ်ဆောင်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့တုံ့ပြန်မှုဟာ နှေးကွေးပြီး ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ဆိုကာ ပြည်သူတွေက အစိုးရကို ပြစ်တင်ခဲ့ကြပါတယ်။ နျူကလီးယားစက်ရုံ အလုပ်သမားတွေဟာ အခြေအနေကို ထိန်းသိမ်းဖို့ အသည်းအသန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့ ဘယ်လိုမှ မတတ်နိုင်ဘဲ လက်လျှော့ခဲ့ရပါတယ်။

မတ်လ ၁၂ ရက်မှာ စက်ရုံမှာရှိတဲ့ ကျန်ရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုရဲ့ လေဝင်လေထွက်ပေါက်ကို ဖွင့်ပေးဖို့ လိုအပ်လာပါတယ်။

အဲဒီလိုဖွင့်ပေးလိုက်တဲ့အတွက် ရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ စိုက်ပျိုးမြေအတော်များများနဲ့ စက်မှုဇုန် ဧရိယာပါမကျန် ပစိဖိတ်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဖုံးလွှမ်းသွားပါတော့တယ်။ တစ်နေ့တည်းမှာပဲ နျူကလီးယားဓာတ်ပေါင်းဖို ၁ မှာ ဟိုက်ဒရိုဂျင် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ နျူကလီးယားဓာတ်ပေါင်းဖို ၃ ပေါက်ကွဲပြီး နှစ်ရက်အကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၁၅ ရက်မှာတော့ နျူကလီးယား ဓာတ်ပေါင်းဖို ၄ ဟာလည်း ပေါက်ကွဲခဲ့ပါတော့တယ်။ အဲဒီလိုပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာတောင် နျူကလီးယားဓာတ်ပေါင်းဖိုတွေဟာ အတော်ကလေး ပကတိအနေအထားအတိုင်း ကျန်ရှိနေခဲ့ပါတယ်။ သို့သော်လည်း ရေဒီယိုသတ္တိကြွပစ္စည်းတွေဟာ ဆက်လက်ပြီး စိမ့်ထွက်ယိုစီးမှုတွေ ဖြစ်ပေါခဲ့ပါတယ်။

တင်းကျပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်

မတ်လ ၁၆ ရက်မှာ ဘုရင်အာကီဟီတိုဟာ ပြည်သူလူထုတွေရဲ့စိတ်ကို အားပေးနှစ်သိမ့်ဖို့အတွက် ရုပ်မြင်သံကြားကတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို ရေဒီယိုသတ္တိကြွမှုတွေ သိသိသာသာလျှော့ချဖို့အတွက် စိတ်ချရတဲ့ ပိတ်နည်းနဲ့ ပိတ်မယ်လို့ ပြောခဲ့ပါတယ်။

ငလျင်၊ဆူနာမီ၊ နျူကလီးယားဓာတ်ပေါင်း ဖိုတွေရဲ့ ဘေးအန္တရာယ်တွေကြောင့် လူပေါင်း  ၁၅၈၉၈ ဦး သေဆုံးခဲ့ပြီး ၂၅၃၁ ဦး ပျောက်ဆုံး ခဲ့ပါတယ်။ ဖူကူရှီးမားနျူကလီးယား ဘေးဒုက္ခကြောင့်ချည်း သေဆုံးခဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သော်လည်း သုံးပွင့်ဆိုင်ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့တဲ့ လူပေါင်း ၃၇၀၀ ဟာ နောက်ပိုင်းမှာ စိတ်ဖိစီးမှုတွေ၊ သွေးတိုးမှုတွေအပါအဝင် ရှုပ်ထွေးလှတဲ့ ကိစ္စတွေကြောင့် သေဆုံးခဲ့ကြပါတယ်။ လူပေါင်း ၄၇၀၀၀၀ ဟာ သုံးပွင့်ဆိုင် ဘေးဒုက္ခရဲ့ ပထမရက်တွေမှာ သူတို့ရဲ့ အိမ်တွေကို ပစ်ပြေးပြီး ခိုလှုံရာအသစ်ကို ရှာဖွေ ခဲ့ကြပါတယ်။ ယနေ့အချိန်အထိ လူပေါင်း ၅၀၀၀၀ ခန့်ဟာ ယာယီခိုလှုံရာနေရာတွေမှာပဲ နေထိုင်နေရတုန်း ရှိပါသေးတယ်။ သုံးပွင့်ဆိုင်ဘေးဒုက္ခဖြစ်ပြီး ရှစ်နှစ်ရှိခဲ့ပေမယ့်လည်း စေတနာရှင်လုပ်အားပေးတွေဟာ ပစိဖိတ်အရှေ့မြောက်ပိုင်းကိုလာရောက်ပြီး ပျောက်ဆုံးသွားတဲ့သူတွေကို ဆက်လက်ရှာဖွေလျက် ရှိပါသေးတယ်။

အစိုးရနဲ့ တပ်ကိုကုမ္ပဏီက ဖူကူရှီးမားစက်ရုံကို ပိတ်သိမ်းဖို့ ဆယ်စုနှစ် လေးစုလောက် အချိန်ယူရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံတွေဟာ ပျက်စီးသွားတဲ့ လယ်ယာမြေတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ ငါးကန်တွေကို စွန့်ခွာခဲ့ကြပါတယ်။ တစ်ချိန်က ဒေသထွက်ကုန်တွေဟာ အခုအခါမှာတော့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေရပြီဖြစ်သလို ပိတ်ပင်တဲ့အထိတောင် လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။

သုံးပွင့်ဆိုင်ဘေးဒုက္ခရဲ့ ဆိုးကျိုး နိုင်ငံတော်အဆင့်နဲ့ ဒေသအဆင့် အစိုးရတွေက ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ဖယ်ရှားနေကြပြီဖြစ်ပါတယ်။ ထို့အတူပြောင်းရွှေ့သွားသူတွေ ပြန်လည်အခြေချရေး အပေါ်ယံမြေလွှာတွေကို ဖယ်ရှားခြင်း၊ လမ်းများကို ရှင်းလင်းခြင်း၊ အိမ်များကိုရှင်းလင်းထားခြင်း စတဲ့ ကြိုးစားမှုတွေကို လုပ်ဆောင်နေကြသော်လည်း လူတွေက ပြန်လည်အခြေချဖို့ဆိုတာ အတော်လေးစဉ်းစားနေကြပါတယ်။

ယခင်ဒေသခံတွေ အထူးသဖြင့် ငယ်ရွယ်တဲ့ မိသားစုတွေဟာ ဖူကူရှီးမားစက်ရုံနဲ့ နီးတဲ့ဒေသတွေကို လာရောက်အခြေချဖို့ မရွေးချယ်ကြတော့ဘဲ တခြားဒေသတွေမှာသာ အဆင်ပြေသလို နေထိုင်သွားကြဖို့ ရှိနေကြပါတယ်။ သူတို့တွေဟာ နောက်ဆက်တွဲ ဘေးအန္တရာယ်တွေကို အတော်စိုးထိတ်နေကြပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ နောက်ဆက်တွဲဖြစ်ပေါ် လာမယ့်ဘေးအန္တရာယ်တွေက ဘယ်လောက်ထိ ဆိုးရွားလာမလဲ၊ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတဲ့အပေါ် ဘယ်သူမှ စိတ်ချလက်ချ ရွေးချယ်ပြီး နေထိုင်ရဲမှာ မဟုတ်ပါဘူး။

အဲဒီလို သုံးပွင့်ဆိုင်ဘေးဒုက္ခတွေ ဖြစ်ပြီးတဲ့နောက်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ တခြားက နျူးကလီးယားစက်ရုံတွေကို ယာယီပိတ်ခဲ့ရတဲ့အပေါ် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ အမြန်ပြန်ဖွင့်ဖို့ တိုက်တွန်းလျက်လည်းရှိပါတယ်။ ပြည်သူလူထုရဲ့ တင်းကျပ်တဲ့ ခုခံဆန္ဒပြမှုတွေကြောင့် အခုအခါမှာတော့ လက်တစ်ဆုပ်စာလောက်သော နျူကလီးယားစက်ရုံတွေကိုသာ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ သုံးပွင့်ဆိုင်ဘေးဒုက္ခတွေဖြစ်ခဲ့တာ ရှစ်နှစ်တိုင်တိုင် ကြာခဲ့ပါပြီ။ ဒါပေမယ့် လည်း သူ့ရဲ့ ဆိုးရွားလှတဲ့အကျိုးဆက်တွေကို လူတွေ ဆက်ပြီးစိုးရွံ့ ထိတ်လန့်လျက်ရှိတုန်းပါလို့ တင်ပြလိုက်ရပါတယ်။ ။

ထွန်းသစ်စ

ကိုးကား- အေအက်ဖ်ပီ