တိုကျို ၁၁ ဧပြီ
ဂျပန်ငွေစက္ကူများကို ပုံစံသစ်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆိုက ပြောကြားခဲ့သည်။ ၂၀ဝ၄ ခုနှစ်မှ စတင်ကာ ပထမဆုံးအကြိမ် ငွေစက္ကူပြောင်းလဲမှုဖြစ်ပြီး အသစ်ပြောင်းလဲ ထုတ်လုပ်မည့် ငွေစက္ကူများကို ၂၀၂၄ ခုနှစ်တွင် စတင်သုံးစွဲသွားမည်ဟု ခန့်မှန်းရသည်။
ငွေစက္ကူပုံစံသစ် ပြောင်းလဲရန်အတွက် သမိုင်းဝင်ပုံစံသုံးခုကို ရွေးချယ်ထားပြီး လမ်းညွှန်ချက်အချို့အပေါ် မူတည်ကာ ထိုသို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပုံစံများသည် ဂျပန်၌ ကျယ်ကျယ်ပြန့်ပြန့် လူသိများခဲ့သည့် ပုံစံများ ဖြစ်သည်။
သို့သော်လည်း ငွေစက္ကူပုံစံ ပြောင်းလဲထုတ်လုပ်မှုတွင် ခြွင်းချက်နှစ်ခုရှိမည်ဖြစ်ပြီး ဂျပန်ယန်း ၂၀ဝ၀ တန် ငွေစက္ကူကို ပုံစံပြောင်းလဲခြင်းမရှိဘဲ မူလအတိုင်း ဆက်လက်ထားမည်ဖြစ်ကာ ယန်း ၅၀ဝ တန် ငွေအကြွေစေ့ကို ၂၀၂၁ ခုနှစ် ခန့်တွင် ပြန်လည်ပုံစံပြောင်းလဲ ထုတ်လုပ်သွားမည်ဖြစ်သည် ဟု ဖော်ပြထားသည်။
အသစ်ထုတ်မည့် ယန်း ၁၀ဝ၀ဝ တန် ငွေစက္ကူတွင် ကျော်ကြားသည့် စက်မှုလုပ်ငန်းရှင် အီချီရှီဘူဆာဝါ၏ပုံကို ထည့်သွင်းရိုက်နှိပ်မည် ဖြစ်သည်။ အီချီရှီဘူဆာဝါသည် ၂၀ရာစုနှစ်အစောပိုင်းက ဂျပန်စက်မှုလုပ်ငန်း ထူထောင်မှု၌ ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပြီး ၎င်းကို ဓနရှင်စနစ်၏ ဖခင်ကြီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ မေရီခေတ် ပြန်လည်တည်ထောင်မှုအပြီးတွင် ရှီဘူဆာဝါသည် လုပ်ငန်းရှင်တစ်ဦး ဖြစ်မလာမီ ဘဏ္ဍာရေး ဝန်ကြီးနှင့်အတူ အလုပ်တွဲလုပ်ခဲ့ပြီး လုပ်ငန်းပေါင်း ၅၀ဝ ကျော် ထူထောင်ရန်နှင့် ယင်းလုပ်ငန်းများ တိုးတက်လာစေရန် အကူအညီပေးခဲ့သည်။
ဂျပန်ယန်း ၅၀ဝ၀ တန် ငွေစက္ကူတွင် ဂျပန်အမျိုးသမီးများ ပညာရေး၏ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည့် အူမယ်ခို ဆူဒါ၏ ပုံရိပ်ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ