ဇွန် ၂၉

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း အိဝါတီစီရင်စုတွင်  ယမန်နေ့အစောပိုင်းက ပြင်းအား ၆ ဒသမ ၁ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိဟု သိရသည်။

အဆိုပါငလျင်သည် အိဝါတီစီရင်စု၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် အနက် ၄၀ ကီလိုမီတာခန့်တွင် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၁ မိနစ်က လှုပ်ခတ်ခဲ့ပြီး အာအိုမိုရီနှင့် အိဝါတီစီရင်စုအချို့တွင် ငလျင်ပြင်းအား အဆင့် ၇ တွင် အဆင့် ၅ အောက်ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

အာအိုမိုရီရှိ ဟီဂါရှီဒိုရီ နျူကလီးယားဓာတ်အားပေးစက်ရုံ သို့မဟုတ် မီယာဂီစီရင်စုရှိ အိုနာဂါဝါ နျူကလီးယားဓာတ်အားပေးစက်ရုံတွင် မူမမှန်မှုများ မရှိကြောင်း သိရသည်။

ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၄၀ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၄၂ ဒသမ ၄ ဒီဂရီတွင် တည်ရှိသည်။

ပြင်းအား ၇ ဒသမ ၂ ရှိသော ငလျင်တစ်ခု ထိုဒေသမှာပင် ဇွန် ၂၅ ရက်ကလှုပ်ခတ်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ တိုကျိုမြို့အနီးတွင်  ဇွန် ၂၆ ရက်က ရစ်ချ်တာစကေး ၅ အထက်ရှိသော ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ရာ မြို့တော်တွင် တုန်ခါမှုကို သိသာထင်ရှားစွာ ခံစားခဲ့ရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို