တက္ကသိုလ်မောင်ရူပ 

 

ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party-LDP) ရဲ့ ဥက္ကဋ္ဌသစ် ရွေးချယ်မှုကို စက်တင်ဘာလ ၂၇ ရက်နေ့မှာကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ အယ်လ်ဒီပီပါတီဟာ အာဏာရပါတီဖြစ်တဲ့အတွက် ရွေးချယ်ခံရတဲ့ အယ်လ်ဒီပီပါတီဥက္ကဋ္ဌဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အသစ်နဲ့အတူ အစိုးရအဖွဲ့သစ်ပေါ်ပေါက်လာပြီး မူဝါဒတွေလည်း  အပြောင်းအလဲ  ရှိကောင်းရှိလာနိုင်ပါတယ်။  ဒါကြောင့် အာဏာရအယ်လ်ဒီပီပါတီရဲ့ ဥက္ကဋ္ဌသစ်ရွေးချယ်မှုအပေါ် ဂျပန်ပြည်တွင်းမှာသာ မကဘဲ နိုင်ငံတကာကလည်း အာရုံစိုက်လေ့လာ နေကြပါတယ်။

 

ကိုယ်စားလှယ်လောင်းတွေ ပိုမိုပေါ်ထွက်လာခဲ့

 

အာဏာရအယ်လ်ဒီပီပါတီရဲ့ လက်ရှိဥက္ကဋ္ဌနဲ့ ဂျပန်နိုင်ငံရဲ့လက်ရှိဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဥက္ကဋ္ဌရွေးချယ်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့ကနေစပြီး ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ မစ္စတာ ဖူမီယို ကီရှီဒါဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ အယ်လ်ဒီပီပါတီဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ ထပ်မံပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ အစောပိုင်းက ကြေညာထားရှိခဲ့ပေမယ့် ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ သူ့အနေနဲ့ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဒါကြောင့် အယ်လ်ဒီပီပါတီဥက္ကဋ္ဌသစ်နဲ့ ဝန်ကြီးချုပ်အသစ်တစ်ဦး ပေါ်ထွက်လာဖို့ လမ်းပွင့်လာစေခဲ့ပါတယ်။ ဝန်ကြီးချုပ်ကီရှီဒါရဲ့ ကြေညာချက်ကြောင့် ကီရှီဒါအစိုးရအဖွဲ့အတွင်းမှာ ပါဝင်နေကြတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအတွက်လည်း မျက်နှာနာစရာမရှိတော့ဘဲ ဆုံးဖြတ်ချက် လွယ်ကူစေခဲ့တာကြောင့် ပါတီဥက္ကဋ္ဌရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုကြတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ပိုမိုပေါ်ထွက်လာခဲ့ပါတယ်။

 

လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်မယ့် အယ်လ်ဒီပီပါတီဥက္ကဋ္ဌ ရွေးချယ်ပွဲဟာ ယခင်ပြုလုပ်ခဲ့တဲ့ ရွေးချယ်ပွဲတွေနဲ့ သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ကွဲပြားခြားနားမှုတွေ ဖြစ်ရတာလည်း ဆိုတာသိနိုင်ဖို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂျပန်နိုင်ငံ ရဲ့ ပြည်တွင်းနိုင်ငံရေး ထူးခြားဖြစ်စဉ်တွေကို ပြန်လည်လေ့လာကြည့်ဖို့လိုပါတယ်။ အဓိက အကျဆုံး ထူးခြားဖြစ်စဉ်နှစ်ခု ရှိခဲ့ပါတယ်။

 

 

(က) ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံ ခံရခြင်းနှင့် နောက်ဆက်တွဲဖြစ်စဉ်

 

ပထမထူးခြားဖြစ်စဉ်ကတော့ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးလောကမှာ ထင်ရှားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရခြင်းနဲ့ တစ်ဆက်တည်းထွက်ပေါ်လာတဲ့ Unification Church နဲ့ ဆက်နွှယ်နေတဲ့ ဘာသာရေးအရှုပ်တော်ပုံတွေကိစ္စ ဖြစ်ပါတယ်။ မစ္စတာ အာဘေးဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က နာရာမြို့မှာ အယ်လ်ဒီပီပါတီ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံး ဟောပြောမှုပြုလုပ်နေစဉ်မှာ အသက် ၄၁ နှစ်အရွယ် Tetsuya Yamagami ဆိုသူက အနီးကပ်သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့အတွက် ရရှိထားတဲ့ဒဏ်ရာတွေကြောင့် အဲဒီနေ့မှာပဲ ဆုံးပါးခဲ့ရပါတယ်။

 

မစ္စတာအာဘေးကို လုပ်ကြံခဲ့တဲ့ Tetsuya Yamagami က ပြောကြားရာမှာ တောင်ကိုရီးယား နိုင်ငံအခြေစိုက် ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Family Federation for World Peace and Unification (အတိုကောက်အားဖြင့် Unifi-cation Church လို့ လူသိများတဲ့အဖွဲ့) ဟာ အဖွဲ့ဝင်တွေဆီက ရန်ပုံငွေတွေ မတရားကောက်ခံမှုပြုလုပ်တယ်။ သူ့အမေဟာ Unification Church ရဲ့ အဖွဲ့ဝင်ဖြစ်လာပြီးနောက် အလှူငွေတွေ အများအပြားထည့်ဝင်ရာမှာ အိမ်ကိုရောင်းပြီး ထည့်ဝင်တဲ့အထိ ဖြစ်လာကြောင်း၊ သူ့အဖေလည်း ဒီစိတ်နဲ့ဆုံးပါးခဲ့ရကြောင်း၊ ဒါကြောင့် အရင်ကမိသားစုဘဝ ဖူဖူလုံလုံရှိခဲ့ရာကနေ စီးပွားရေးပျက်ယွင်းပြီး သူကိုယ်တိုင်လည်း ဒုက္ခရောက်ခဲ့ရကြောင်း၊ ဒါကြောင့် Unification Church ကို ဂျပန်နိုင်ငံမှာ အခြေစိုက်နိုင်အောင် ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ အဘိုးဖြစ်သူ Nobusuke Kishi က လမ်းဖွင့်ပေးခဲ့တာရယ်၊ ဝန်ကြီးချုပ်ဟောင်းအာဘေး ကိုယ်တိုင်ကလည်း Unification Church ရဲ့ ပွဲတချို့မှာ ပါဝင်မိန့်ခွန်းပြောကြားပြီး အားပေးခဲ့တာတွေကြောင့် လုပ်ကြံခဲ့တာဖြစ်ကြောင်း ထွက်ဆိုပြောကြားခဲ့ပါတယ်။

 

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာ Unification Church နဲ့ပတ်သက်ပြီး ဂျပန်အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ဂျပန်ရဲ့ထိပ်တန်း နိုင်ငံရေးသမားတွေ၊ အထူးသဖြင့် အယ်လ်ဒီပီပါတီဝင်လွှတ်တော်အမတ်ဦးရေ ၈၀ ကျော်ဟာ Unification Church နဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပါဝင်ပတ်သက်မှုရှိနေတာတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီ Unification Church နဲ့ဆက်နွှယ်မှု အရှုပ်တော်ပုံကြောင့် ဂျပန်ပြည်သူတွေရဲ့ အယ်လ်ဒီပီပါတီအပေါ်ထောက်ခံမှုဟာ ကျဆင်းခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် ဝန်ကြီးချုပ်ကီရှီဒါဟာ Unification Church နဲ့ ဆက်နွှယ်နေတယ်လို့ ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့ဝင်တွေကို ရာထူးကဖယ်ရှားပြီး အစိုးရအဖွဲ့ အပြောင်းအလဲတစ်ရပ်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ပြုလုပ်ခဲ့ရပါတယ်။

 

(ခ) အယ်လ်ဒီပီပါတီ၏ နိုင်ငံရေး ရန်ပုံငွေ အရှုပ်တော်ပုံ

 

ဒုတိယ ထူးခြားဖြစ်စဉ်ကတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင်ပေါ်ထွက်လာခဲ့တဲ့ အယ်လ်ဒီပီ ပါတီရဲ့ နိုင်ငံရေးရန်ပုံငွေအရှုပ်တော်ပုံ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ နိုင်ငံရေးပါတီတွေ၊ ပါတီတွင်းကအစုအဖွဲ့ (faction) တွေ၊ လွှတ်တော်အမတ်တွေဟာ နိုင်ငံရေးရန်ပုံငွေရှာနိုင်ဖို့အတွက် အခမ်းအနားတွေကို ပြုလုပ်ကြလေ့ ရှိပါတယ်။ အခမ်းအနားတက်ဖို့ လက်မှတ်တစ်စောင်ဟာ ယန်း ၂၀၀၀၀ ခန့် ကျသင့်ပါတယ်။ ဒီအခမ်းအနား တက်ရောက်ခြင်းဖြင့် လွှတ်တော်အမတ်တွေ၊ ပါတီတွင်း အစုအဖွဲ့တွေနဲ့ နီးကပ်ခင်မင်ရင်းနှီးမှု ရနိုင်ဖို့အတွက် စီးပွားရေးကုမ္ပဏီကြီးတွေက လက်မှတ်အများအပြား ဝယ်ယူကြလေ့ရှိပါတယ်။ အခမ်းအနားတစ်ခု ပြုလုပ်ရင် လူအများအပြား တက်ရောက်ကြလေ့ရှိတဲ့အတွက် ရန်ပုံငွေ ယန်း သန်းနဲ့ချီပြီး ရရှိကြပါတယ်။ ရရှိတဲ့ငွေထဲက ကုန်ကျစရိတ်ကိုနုတ်ပြီးရင် ကျန်ရှိတဲ့အမြတ်ငွေဟာ နိုင်ငံရေးရန်ပုံငွေ ဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ်အတွင်း ဝန်ကြီးချုပ် ကီရှီဒါရဲ့ ပါတီအစုအဖွဲ့ (Kishida faction) ဟာ နိုင်ငံရေးရန်ပုံငွေ ယန်း ၂၂၉ ဒသမ ၃၅ သန်း ရရှိခဲ့ရာမှာ ၈၀ ရာခိုင်နှုန်းက အခမ်းအနားတွေက ရရှိခဲ့တာဖြစ်ပါတယ်။ အလားတူ အယ်လ်ဒီပီပါတီရဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာ တာရိုအာဆိုရဲ့ ပါတီအစုအဖွဲ့ (Aso faction) နိုင်ငံရေး ရန်ပုံငွေ ယန်း ၂၈၆ ဒသမ ၅၈ သန်း ရရှိခဲ့ရာမှာ ၈၁ ရာခိုင်နှုန်းက အခမ်းအနားတွေက ရရှိခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးရန်ပုံငွေဥပဒေအရ ပါတီအစုအဖွဲ့တွေအနေနဲ့ နိုင်ငံရေးရန်ပုံငွေရှာဖွေပွဲ အခမ်းအနားတွေပြုလုပ်ရာမှာ တစ်နှစ်အတွင်း တစ်သီးပုဂ္ဂလိက တစ်ဦးတစ်ယောက် (သို့မဟုတ်) စီးပွားရေးကုမ္ပဏီကြီးတစ်ခုက ယန်း ၂၀၀၀၀၀ ထက်ကျော်လွန်ပြီး လက်မှတ်ဝယ်ယူခဲ့မယ်ဆိုရင် အစီရင်ခံစာမှာ တရားဝင်ထည့်သွင်း ဖော်ပြသွားရမယ်လို့ သတ်မှတ်ထားပါတယ်။ နိုင်ငံရေး ပါတီအစုအဖွဲ့တွေအနေနဲ့ နိုင်ငံရေးရန်ပုံငွေ ဥပဒေနဲ့ ညီညွတ်နေသမျှ ရန်ပုံငွေရှာဖွေမှုဟာ ပြဿနာမရှိဘူးလို့ ပြောနိုင်ပါတယ်။

 

သို့သော်လည်း အယ်လ်ဒီပီပါတီတွင်းမှာရှိတဲ့ အစုအဖွဲ့ ငါးဖွဲ့အနေနဲ့ နိုင်ငံရေးရန်ပုံငွေဥပဒေပါ အချက်တွေကို မလိုက်နာခဲ့ကြဖူးဆိုတဲ့ သတင်းတွေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ ဝန်ကြီးချုပ် ကီရှီဒါ ဦးဆောင်တဲ့ အစုအဖွဲ့ (Kishida faction)၊ အယ်လ်ဒီပီပါတီအထွေထွေ အတွင်းရေးမှူးဟောင်း Toshihiro Nikai ဦးဆောင်တဲ့ အစုအဖွဲ့ Nikai faction၊ အယ်လ်ဒီပီပါတီရဲ့ ဒုတိယဥက္ကဋ္ဌ မစ္စတာ တာရိုအာဆိုရဲ့ ပါတီအစုအဖွဲ့ (Aso faction)၊ အယ်လ်ဒီပီပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဟောင်း မစ္စတာ တိုရှီမိဆု မိုတေဂီ ဦးဆောင်တဲ့ ပါတီအစုအဖွဲ့ (Motegi faction) နဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ဦးဆောင်တဲ့ အစုအဖွဲ့ (Abe faction) တို့ဟာ ၂၀၂၁ ခုနှစ်ကနေ စတင်ပြီး နှစ်စဉ်ဆက်တိုက် နိုင်ငံရေးရန်ပုံငွေ ယန်း သန်း ၄၀ ကျော်ကို စာရင်းမှာ မဖော်ပြဘဲ ထိမ်ချန်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

 

ဒီသတင်းတွေထွက်လာတော့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေဟာ သူတို့ရဲ့ နိုင်ငံရေးရန်ပုံငွေ အစီ ရင်ခံစာတွေမှာ အမှားတွေရှိခဲ့တယ်ဆိုပြီး ပြန်လည် ပြင်ဆင်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ သို့သော်လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ အဆာဟိ ရှင်ဘွန်းသတင်းစာကြီးက ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဦးဆောင်တဲ့ အစုအဖွဲ့ (Abe faction) ဟာ ငါးနှစ်ကာလအတွင်း ရရှိခဲ့တဲ့ နိုင်ငံရေးရန်ပုံငွေ ယန်း သန်း ၁၀၀ ကျော်ကို မဖော်ပြဘဲ ထိမ်ချန်ခဲ့ တယ်လို့ ထပ်မံရေးသားဖော်ပြခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအစုအဖွဲ့တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ကီရှီဒါကလည်း သူ့အနေနဲ့ Kishida faction ရဲ့ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ သို့သော်လည်း ဝန်ကြီးချုပ်အတွက် အခက်တွေ့စေခဲ့တဲ့ အချက်က Abe faction မှာ အဓိက တာဝန်ရှိသူတွေ ဖြစ်ကြတဲ့ Hirokazu Matsuno ဟာ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်၊ Yasutoshi Nishimura ဟာ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးအဖြစ် ကီရှီဒါရဲ့ အစိုးရအဖွဲ့အတွင်းမှာ ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဝန်ကြီးချုပ် ကီရှီဒါဟာ သူတို့နှစ်ဦးအပါအဝင် ဝန်ကြီးလေးဦးနဲ့ ဒုတိယဝန်ကြီးတစ်ဦးတို့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

 

ကီရှီဒါဟာ ပါတီဥက္ကဋ္ဌအဖြစ် ထပ်မံပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့

 

ဒါ့အပြင် ဝန်ကြီးချုပ် ကီရှီဒါဟာ အယ်လ်ဒီပီပါတီအတွင်းမှာရှိတဲ့ အစုအဖွဲ့ (faction)တွေကို ဖျက်သိမ်းဖို့လည်း ညွှန်ကြားခဲ့ပါတယ်။ ဒီညွှန်ကြားချက်ကြောင့် ပါတီဒုတိယဥက္ကဋ္ဌ တာရိုအာဆိုရဲ့ Aso faction ကလွဲလို့ ကျန်အစုအဖွဲ့တွေဟာ ဖျက်သိမ်းခဲ့ကြပေမယ့် မူဝါဒရေးရာ အကြံပေးအဖွဲ့ (Policy advisory group) အဖြစ်နဲ့ ဆက်လက် ထားရှိကြပါတယ်။ ဒီလိုအစုအဖွဲ့တွေ ဖျက်သိမ်းတာကို ပါတီအတွင်း ညှိနှိုင်းတိုင်ပင်ပြီးမှ ဆောင်ရွက် ခြင်းမရှိတဲ့အတွက် ပါတီဒုတိယဥက္ကဋ္ဌ တာရိုအာဆိုနဲ့ ပါတီအထွေထွေအတွင်းရေးမှူး တိုရှီမိဆု မိုတေဂီ တို့က ဝန်ကြီးချုပ်အပေါ် စိတ်ဆိုးခဲ့ကြပါတယ်။ ဒီထက်ပိုဆိုးတာက အယ်လ်ဒီပီပါတီအပေါ် ဂျပန် ပြည်သူလူထုက ပြန်လည်ယုံကြည်မှုရရှိလာစေဖို့အတွက် ရည်ရွယ်ပြီး ဝန်ကြီးချုပ် ကီရှီဒါက နိုင်ငံရေး ရန်ပုံငွေဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲစေခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်ရေးဆွဲတဲ့ ဥပဒေကြမ်းမှာ နိုင်ငံရေးရန်ပုံငွေနဲ့ ပတ်သက်ပြီး ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ပိုမိုပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ထည့်သွင်းခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်ရေးဆွဲတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာ ဥပဒေအဖြစ် အတည်ပြုချက် ရရှိစေဖို့အတွက် ဆွေးနွေးကြရာမှာ ဝန်ကြီးချုပ် ကီရှီဒါဟာ ကျန်နိုင်ငံရေးပါတီတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေး ခဲ့ပါတယ်။ ဒီအချက်ကိုလည်း အယ်လ်ဒီပီပါတီတွင်းမှာ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဝန်ကြီးချုပ်တစ်ဦး တည်းရဲ့ သဘောထားနဲ့ လိုက်လျောဆောင်ရွက်ခဲ့တဲ့အတွက် မစ္စတာ တာရိုအာဆို အပါအဝင် ပါတီ အကြီးအကဲတွေ ဒေါသအကြီးအကျယ် ထွက်ခဲ့ကြ ပါတယ်။ ရလဒ်အနေနဲ့ကတော့ ဝန်ကြီးချုပ် ကီရှီဒါ ပါတီဥက္ကဋ္ဌအဖြစ် ထပ်မံပါဝင်ယှဉ်ပြိုင်မယ့်အပေါ် ပါတီတွင်းက ထောက်ခံမှုဆုံးရှုံးခဲ့တဲ့အတွက် ကီရှီဒါဟာ ပါတီဥက္ကဋ္ဌအဖြစ် ထပ်မံပါဝင်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

 

ဝန်ကြီးချုပ် ကီရှီဒါလက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံ သတ်ဖြတ်တဲ့အထိ ဖြစ်လာစေခဲ့တဲ့ Unification Church နဲ့ အယ်လ်ဒီပီပါတီဝင် လွှတ်တော်အမတ်တွေ ဆက်နွှယ်နေတဲ့ ဘာသာရေး အရှုပ်တော်ပုံရယ်၊ အယ်လ်ဒီပီပါတီတွင်းက အစုအဖွဲ့ (faction)တွေရဲ့ နိုင်ငံရေးရန်ပုံငွေထိမ်ချန်မှု အရှုပ်တော်ပုံတွေဟာ ဝန်ကြီးချုပ်ကီရှီဒါအစိုးရအဖွဲ့အပေါ် ပြည်သူလူထုရဲ့ ထောက်ခံမှုကို အနိမ့်ဆုံးအဆင့်အထိ ကျဆင်း စေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှာ ယိုမီယူရီ ရှင်ဘွန်းသတင်းစာကြီးက ကောက်ခံခဲ့တဲ့ လူထုစစ်တမ်းမှာ ကီရှီဒါအစိုးရအပေါ် လူထုထောက်ခံမှုနှုန်းဟာ ၂၃ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ပါတယ်။ ဒီလိုကျဆင်းတာဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ကီရှီဒါဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

 

အထူးသဖြင့် နိုင်ငံရေးရန်ပုံငွေ ထိမ်ချန်ဖော်ပြမှု ဖြစ်စဉ်ဟာ ဝင်ငွေခွန်ကို စနစ်တကျ တိမ်းရှောင်မှု ဖြစ်စဉ် (Organized tax evasion scheme) အဖြစ် ပြည်သူလူထုက ရှုမြင်ကြပါတယ်။ ဒါ့အပြင် ဒီအရှုပ် တော်ပုံမှာပါဝင်ခဲ့ကြတဲ့ လွှတ်တော်အမတ်တွေကိုလည်း ဥပဒေအရ အရေးယူခြင်းမရှိခဲ့တဲ့အတွက် ဥပဒေအထက်မှာရှိနေတဲ့ သူတွေလားလို့တောင် ပြည်သူလူထုက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် အယ်လ်ဒီပီပါတီအပေါ် ပြည်သူလူထု ယုံကြည်မှုဟာ အဆိုးရွားဆုံး ထိခိုက်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ၂၀၂၄ ခုနှစ် ဧပြီလမှာ ကျင်းပ ခဲ့တဲ့ အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ ဒေသန္တရအစိုးရ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အယ်လ်ဒီပီပါတီဟာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။ ဒါကြောင့် ၂၀၂၅ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် အရေးကြီးတဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲကို ကီရှီဒါဦးဆောင်ပြီး အယ်လ်ဒီပီပါတီက ဝင်ပြိုင်ခဲ့ရင် အယ်လ်ဒီပီပါတီ အရှုံးနဲ့ရင်ဆိုင်ရနိုင်တယ်၊ အောက်လွှတ်တော်မှာ အမတ်နေရာအများစု အနိုင်ရရှိတဲ့ပါတီဟာ အာဏာရပါတီဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၉ ခုနှစ်မှာ ဖြစ်ခဲ့သလို အတိုက်အခံ ဒီမိုကရက်တစ်ပါတီ (DPJ) က အနိုင်ရသွားပြီး အယ်လ်ဒီပီပါတီက အတိုက်အခံပါတီ ဖြစ်သွားမှာကို ပါတီတွင်းလူကြီးပိုင်းရော လူငယ်ပိုင်းမှာပါ စိုးရိမ်ပူပန်မှုတွေရှိလာခဲ့ပါတယ်။ ဒါကြောင့်ပါတီမှာ ခေါင်းဆောင်သစ်တစ်ဦး ပေါ်ထွက်လာရေးဟာ အယ်လ်ဒီပီပါတီတွင်းက လူတွေအားလုံး အတွက် လိုအပ်ချက်ဖြစ်လာခဲ့ပါတယ်။

 

 

ကိုယ်စားလှယ်လောင်းတွေဟာ ပါတီကို ဆန်းသစ်တဲ့ပုံစံမျိုး ဖန်တီးနိုင်မယ့်သူဖြစ်ဖို့ လိုအပ်

 

အယ်လ်ဒီပီပါတီဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုအနည်းဆုံး ရောက်ရှိနေချိန်မှာ ပါတီကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီး လူထုအမြင်မှာ အသွင်သစ်နဲ့ ပေါ်ထွက်လာစေဖို့ လိုအပ်နေတယ်လို့ ပါတီခေါင်းဆောင်ပိုင်းက ရှုမြင်နေကြပါတယ်။ ဒါကြောင့် အခုအချိန်မှာ အယ်လ်ဒီပီပါတီတွင်း တွင်တွင်ကျယ်ကျယ် ပြောဆိုလာတဲ့ အသုံးအနှုန်းတွေက ပါတီကို ပြန်လည်ဆန်းသစ်ခြင်း (Renewal) နဲ့ ပြုပြင်ပြောင်းလဲခြင်း (Change) တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်ဒီပီပါတီဥက္ကဋ္ဌအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ် လောင်းတွေဟာ ပါတီကို ပြန်လည်ဆန်းသစ်တဲ့ အသွင်၊ ပြုပြင်ပြောင်းလဲစေတဲ့ပုံစံမျိုး ဖန်တီးနိုင် မယ့်သူဖြစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် အခုတစ်ကြိမ်ပြုလုပ်မယ့် အယ်လ်ဒီပီ ပါတီဥက္ကဋ္ဌ ရွေးချယ်ပွဲဟာ အရင်အကြိမ်တွေနဲ့လည်း သိသာထင်ရှားစွာကွဲပြားပြီး ကိုယ်စားလှယ် လောင်းတွေ အများအပြား ပါဝင်ယှဉ်ပြိုင်ကြတာကို တွေ့ရပါတယ်။ ကိုယ်စားလှယ်အမည်စာရင်း နောက်ဆုံးပေးသွင်းရမယ့် စက်တင်ဘာလ ၁၂ ရက် နေ့မှာ ကိုးဦး အမည်စာရင်း ပေးသွင်းခဲ့ပါတယ်။ အရင်က ပါတီတွင်းမှာ အစုအဖွဲ့ (faction) ခေါင်းဆောင်တွေရဲ့ ကြီးကြပ်စီစဉ် ညှိနှိုင်းမှုတွေကြောင့် ကိုယ်စားလှယ်အရေအတွက်ဟာ လေးဦးမှ ငါးဦးအထိလောက်ပဲ ထွက်လာလေ့ရှိပါတယ်။ အခုအကြိမ်မှာတော့ အစုအဖွဲ့တွေအနေနဲ့ တရားဝင်ဆောင်ရွက်လို့မရတာကြောင့် ကိုယ်စားလှယ် လောင်းကိုးဦး ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကိုယ်စား လှယ်လောင်း ကိုးဦးမှာ အမျိုးသမီး နှစ်ဦး၊ လူငယ် နိုင်ငံရေးသမား နှစ်ဦးနဲ့ ဝါရင့်နိုင်ငံရေးသမားတွေလည်း ပါဝင်နေပါတယ်။ ဒီကိုယ်စားလှယ်လောင်းတွေရဲ့ နိုင်ငံရေးနောက်ခံ အခြေအနေနဲ့ သဘောထားတွေကို လေ့လာကြည့်ပြီး ဘယ်သူအနိုင်ရရှိနိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေ အလားအလာတွေကို တွက်ချက်ကြည့်နိုင်ပါတယ်။

 

 

(၁)     ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရု အီရှီဘာ (Shigeru Ishiba)

 

လူထုစစ်တမ်းတွေအရ ဝန်ကြီးချုပ် ကီရှီဒါရဲ့နေရာကို ဆက်ခံဖို့အလားအလာအကောင်းဆုံး နိုင်ငံရေးသမားတစ်ဦးကတော့ ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ ရှီဂဲရု အီရှီဘာ ဖြစ်ပါတယ်။ မစ္စတာ ရှီဂဲရု အီရှီဘာဟာ ၁၉၅၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ Keio University ကနေ ဥပဒေဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ဝန်ကြီးချုပ် ဂျူနီချီရို ကိုအီဇူမိလက်ထက်မှာ ဂျပန်ကာကွယ်ရေး အေဂျင်စီရဲ့ အကြီးအကဲအဖြစ် ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါတယ်။ ကာကွယ်ရေးအေဂျင်စီကို ကာကွယ်ရေးဝန်ကြီးဌာနအဖြစ် ၂၀၀၇ ခုနှစ်မှာ အဆင့်မြှင့်တင်ခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ် ယာဆူအို ဖူကူဒါလက်ထက်မှာ ဂျပန်ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ၊ ဝန်ကြီးချုပ် တာရို အာဆို လက်ထက်မှာ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ငါးလုပ်ငန်းဝန်ကြီး၊ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက်မှာ အယ်လ်ဒီပီပါတီရဲ့ အထွေထွေ အတွင်းရေးမှူးစတဲ့ အဆင့်မြင့်တာဝန်တွေ အသီးသီး ထမ်းဆောင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ Jiro Ishiba ဟာလည်း ပြည်ထဲရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့အတွက် နိုင်ငံရေးမျိုးရိုးရှိသူ တစ်ဦး ဖြစ်ပါတယ်။

 

မစ္စတာအီရှီဘာဟာ အယ်လ်ဒီပီပါတီဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ သူပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဩဂုတ် လ ၂၅ ရက်နေ့က ကြေညာခဲ့ပါတယ်။ မစ္စတာ အီရှီဘာဟာ ၂၀၀၈ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၈ ခုနှစ် နဲ့ ၂၀၂၀ ပြည့်နှစ်တွေက ပြုလုပ်ခဲ့တဲ့ အယ်လ်ဒီပီ ပါတီဥက္ကဋ္ဌရွေးချယ်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း လေးကြိမ်စလုံး အနိုင်ရရှိခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် အခုအကြိမ်ဟာ သူ့ရဲ့ပဉ္စမအကြိမ်မြောက် ကြိုးပမ်းအားထုတ်မှု ဖြစ်ပါတယ်။ သူက အယ်လ်ဒီပီ ပါတီရဲ့နိုင်ငံရေးမှာ အရှုပ်အရှင်းကင်းအောင်လုပ်ပြီး ပါတီအပေါ် ပြည်သူလူထုယုံကြည်မှု ပြန်လည်ရရှိအောင် လုပ်သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေးသမားတွေ စည်းမျဉ်းစည်းကမ်းလိုက်နာဖို့ရယ်၊ နိုင်ငံရေးလုပ်တာဟာ နိုင်ငံရေးသမားတွေ အကျိုးအတွက် လုပ်တာ မဟုတ်ဘူးဆိုတာ သေချာအောင်လုပ်နိုင်ခဲ့ရင် ပြည်သူတွေက နိုင်ငံရေးအပေါ် ပြန်လည်ယုံကြည်မှု ရရှိလာမှာဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။

 

အသက် ၆၇ နှစ်အရွယ်ရှိတဲ့ မစ္စတာ ရှီဂဲရု အီရှီဘာဟာ အစိုးရအဖွဲ့နဲ့ ပါတီအတွင်းမှာ အရေးပါတဲ့ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်တာကြောင့် အတွေ့အကြုံ များပြားကြွယ်ဝသူ တစ်ဦးဖြစ်သလို ဂျပန်ပြည်သူလူထုအကြား ရေပန်းစားသူတစ်ဦး ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့ ရွေးချယ်ပွဲအတွက် လူထုစစ်တမ်း ကောက်ယူမှုအကြိမ်တိုင်းမှာ ထောက်ခံမှုအများဆုံးရရှိတဲ့ ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်အယ်လ်ဒီပီပါတီရုံးတွေရဲ့ ထောက်ခံမှကိုလည်း ရရှိထားပါတယ်။ သို့သော်လည်း မစ္စတာ ရှီဂဲရု အီရှီဘာဟာ အယ်လ်ဒီပီပါတီ အစိုးရအဖွဲ့ အဆက်ဆက်မှာ ပါတီဝင်အချင်းချင်း ဝေဖန်မှုတွေ ပြုလုပ်လေ့ ရှိတာကြောင့် အယ်လ်ဒီပီပါတီ လွှတ်တော်အမတ်တွေအကြားမှာတော့ လူကြိုက်နည်းပါးသူတစ်ဦး ဖြစ်ပါတယ်။

 

 

 

(၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဟောင်း ရှင်ဂျိရို ကိုအိဇုမိ (Shinjiro Koizumi)

 

ဒုတိယအလားအလာအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးကတော့ လူငယ်နိုင်ငံရေးသမားတစ်ဦး ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဟောင်း မစ္စတာ ရှင်ဂျိရို ကိုအိဇုမိ ဖြစ်ပါတယ်။ မစ္စတာ ရှင်ဂျိရို ကိုအိဇုမိဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဂျူနီချီရို ကိုအိဇုမိရဲ့သား ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ မွေးဖွားသူဖြစ်လို့ အသက် ၄၃ နှစ်သာရှိသေးသူ လူငယ်ပိုင်းနိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။ မစ္စတာ ရှင်ဂျိရို ကိုအိ ဇုမိဟာ ယိုကိုဟားမားမှာရှိတဲ့ Kanto Gakuin တက္ကသိုလ်ကနေ စီးပွားရေးဘာသာရပ်နဲ့ ဘွဲ့ရရှိ ခဲ့ပြီး အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ ရရှိခဲ့ပါတယ်။

 

မစ္စတာ ရှင်ဂျိရို ကိုအိဇုမိဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလက်ထက် ၂၀၁၉ ခုနှစ်မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရှင်ဇိုအာဘေးရဲ့နေရာကို ဆက်ခံခဲ့တဲ့ဝန်ကြီးချုပ် ယိုရှီဟိဒေး ဆုဂ (Yoshihide Suga) လက်ထက်မှာလည်း ဆက်လက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး အဖြစ် ၂၀၂၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါတယ်။

 

မစ္စတာ ရှင်ဂျိရို ကိုအိဇုမိဟာ သူ့ဖခင် မစ္စတာ ဂျူနီချီရို ကိုအိဇုမိ နိုင်ငံရေးလောကကနေ အနားယူတော့ ဖခင်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကာနာဂါဝါပြည်နယ်ကနေ လွှတ်တော်အမတ်အဖြစ် ၂၀၀၉ ခုနှစ်မှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်ဟာ အယ်လ်ဒီပီပါတီရဲ့ သမိုင်းမှာ ထူးခြားတဲ့နှစ်ဖြစ်ပါတယ်။ အဲဒီနှစ်မှာ ကျင်းပ ပြုလုပ်တဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ အယ်လ်ဒီပီပါတီဟာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီ (Democratic Party of Japan-DPJ) ကို ရှုံးနိမ့်ခဲ့တဲ့အတွက် အာဏာလက်လွှတ်ဆုံးရှုံးခဲ့ပြီး အတိုက်အခံပါတီအဖြစ် ၂၀၁၂ ခုနှစ်အထိ ရပ်တည် ခဲ့ရပါတယ်။ အယ်လ်ဒီပီပါတီ အာဏာလက်လွှတ် ဆုံးရှုံးခဲ့ရချိန်မှာ အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်လာတဲ့ မစ္စတာ ရှင်ဂျိရို ကိုအိဇုမိအနေနဲ့ သူရင်ဆိုင်ကြုံတွေ့ ကျော်ဖြတ်ခဲ့ရတဲ့ စိန်ခေါ်မှုတွေဟာ အခုလက်ရှိ အယ်လ်ဒီပီပါတီ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအတွက် များစွာအထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်ကြပါတယ်။

 

ဒါ့အပြင် သူ့ရဲ့ဖခင်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂျူနီချီရို ကိုအိဇုမိ လက်ထက်မှာလည်း အယ်လ်ဒီပီပါတီကို “အမှုန့်ချေပစ်မယ် လို့ ကြုံးဝါးပြီး နိုင်ငံရေးမဲဆွယ်ခဲ့ရာမှာ ပြည်သူလူထုရဲ့ ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ရှင်ဂျိရို ကိုအိဇုမိ ဟာ သူ့ဖခင် မစ္စတာ ဂျူနီချီရို ကိုအိဇုမိရဲ့ စိတ်ဓာတ်မျိုးနဲ့ အယ်လ်ဒီပီပါတီကို ပြန်လည်ဆန်းသစ်နိုင်မယ်လို့ ပါတီဝင် အချို့က မျှော်လင့်နေကြပါတယ်။ နောက်တစ်ချက်က ရှင်ဂျိရို ကိုအိဇုမိဟာ အယ်လ်ဒီပီပါတီတွင်းမှာ မည်သည့်အစုအဖွဲ့ (faction) မှာမှ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမရှိသူ ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း ပါတီအစုအဖွဲ့တွေအပေါ် လူထုယုံကြည်မှု လျော့နည်းနေချိန်မှာ အားသာချက်တစ်ခု ဖြစ်ပါတယ်။

 

အာဘေးအစုအဖွဲ့ (Abe faction) အပေါ်မှာ ယနေ့တိုင် နိုင်ငံရေးအရ ဩဇာသက်ရောက်မှု ရှိနေဆဲဖြစ်ကြတဲ့ အသက် ၈၇ နှစ်ရှိ ဝန်ကြီးချုပ် ဟောင်း ယိုရှီရို မိုရီ (Yoshiro Mori) နဲ့ အသက် ၈၂ နှစ်ရှိ ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇုမိ (Junichiro Koizumi) တို့အနေနဲ့ ရှင်ဂျိရို ကိုအိဇုမိကို ထောက်ခံဖို့ရှိနိုင်ပါတယ်။ အလားတူ ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီဒေး ဆုဂရဲ့ ထောက်ခံမှုကိုလည်း ရရှိမယ့်သူတစ်ဦး ဖြစ်ပါတယ်။ ဝန်ကြီး ချုပ်ဟောင်း ယိုရှီဟီဒေး ဆုဂနဲ့ ရှင်ဂျိရို ကိုအိဇုမိ တို့ နှစ်ဦးစလုံးဟာ ကာနာဂါဝါပြည်နယ်က ရွေးချယ ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြသလို ဂျပန်နိုင်ငံမှာ ပုဂ္ဂလိကမော်တော်ကားတွေက အငှား ယာဉ်အဖြစ် လုပ်ငန်းဆောင်ရွက်ခြင်းမှ ပိတ်ပင် ထားခြင်းစနစ်ကိုပယ်ဖျက်ပြီး Ride-sharing system အသက်ဝင်နိုင်ဖို့ လွှတ်တော်အတွင်းမှာ ယိုရှီဟီဒေးဆုဂရဲ့ ကြိုးပမ်းမှုကိုလည်း ရှင်ဂျိရို ကိုအိဇုမိက ပါဝင်ကူညီပေးလျက် ရှိတာကြောင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြပါတယ်။ ဝန်ကြီး ချုပ်ဟောင်း ယိုရှီဟီဒေး ဆုဂရဲ့ ထောက်ခံမှုကို သေချာပေါက်ရရှိမယ့်သူဖြစ်တာကြောင့် ဒီအချက်ဟာ ရှင်ဂျိရို ကိုအိဇုမိအတွက် အားသာချက်တစ်ရပ် ဖြစ်ပါတယ်။  

 

(ဆက်လက်ဖော်ပြပါမည်)