ဒီးမော့ဆို ၁၀ ဇန်နဝါရီ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကယားပြည်နယ် အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့၏ "ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း(EPD)" စီမံကိန်း ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့သော ကျောင်းဆောင်သစ် ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်အတွင်း တိုးတက်လာသော ကျောင်းသားကျောင်းသူဦးရေအရ ကျောင်းဆောင်သစ်များစွာ လိုအပ်လျက်ရှိပြီး အမှန်တကယ် လိုအပ်နေသည့် နေရာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက မြေပြင် အခြေအနေမှန် ကို ဖော်ထုတ်ပြီး ဝိုင်းဝန်းကြိုးပမ်းပေးခဲ့သည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ရှိပါကြောင်း၊ ယခု ဖွင့်လှစ်ခဲ့သော ကျောင်းဆောင်သစ်သည် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းနှင့်အတူ အစိုးရ၊ ပြည်သူ တို့ ပူးပေါင်းမှုကြောင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းရေရှည် တည်တံ့ခိုင်မြဲအောင် ဆက်လက် ထိန်းသိမ်း ဆောင်ရွက်ကြရန်နှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်၊ လိုလားချက်များကို ကျေးရွာ ပြည်သူလူထုများက တင်ပြဆွေးနွေးကြရန် ပြောကြားသည်။
ဆက်လက်၍ နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့မှ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန့် က စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကျေးရွာပြည်သူလူထုများက ကျေးရွာအတွက်လိုအပ်သည်များကို ဆွေးနွေးတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကို ပြန်လည် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့မှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၇၄) သိန်းကို ကျေးရွာပြည်သူလူထုများထံ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူများက ကျေးရွာပြည်သူများ တင်ပြခဲ့သော ကျောင်းဆောင်ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေကျပ် သိန်း ၅၀ ကို ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဘင်ခရာအဖွဲ့၊ ဓနုအိုးစည်အဖွဲ့၊ ပန်းပွားအဖွဲ့နှင့် ကဗျာလွတ်အကအဖွဲ့ တို့ကို ဂုဏ်ပြုဆုငွေကျပ် တစ်သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကျောင်းဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့မှ စီမံကိန်းဒါရိုက်တာ၊ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ပညာရေးမှူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်သစ် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အရိပ်ရသစ်ပင်များ စိုက်ပျိုးကာ ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်သည် နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့မှ ပံ့ပိုးငွေကျပ် ၄၂၂၃၅၉၇၅ နှင့် ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်မှု ငွေကျပ် ၇၃၆၄၆၀ဝ ဖြင့် အလျားပေ ၉၀၊ အနံ ပေ ၃၀ ရှိ တစ်ထပ်အဆောက်အဦ အပြင် ဆရာ၊ ဆရာမများအတွက် စားပွဲနှင့် ကုလားထိုင်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးစားပွဲခုံနှင့် ထိုင်ခုံများ၊ (၅) ခန်းတွဲ ရေလောင်းအိမ်သာ နှင့် ကျောင်းဆောင်သစ်တွင် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)