စစ်တွေ ၁၅ ဇန်နဝါရီ 

 

ဂျပန်နိုင်ငံနိုင်ငံခြားရေး ဒုတိယဝန်ကြီး Ms. Toshiko Abe နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် ပန်းတောပြင်ကျေးရွာတို့သို့ လိုက်လံကြည့်ရှုသည်။

 

9020

 

ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Ms. Toshiko Abe နှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် မွန်းလွဲ ၁ နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံအစိုးရ၏ လှူဒါန်းငွေဖြင့် နေအိမ်များ တည်ဆောက်နေမှုအား ကြည့်ရှုရာ တည်ဆောက်ရေးကုမ္မဏီမှ တာဝန်ရှိသူများက  လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

9170

 

ထို့နောက် ဒုတိယဝန်ကြီးများသည် နေအိမ်များ စတင်တည်ဆောက်နေမှုနှင့် နေအိမ်များတည်ဆောက်ရန် မြေကြီးလုပ်ငန်းများ ဆောင်ရွက်ထားမှုကို ကြည့်ရှုသည်။

 

ဂျပန်နိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာတွင် သံဖရိန်ဖြင့် လူနေအိမ် (၅၁)လုံး၊ အိုးထိန်းကျေးရွာတွင် အလုံး (၅၀)တို့နှင့် ကျေးရွာတစ်ရွာစီတွင် Community Hall တစ်ခုစီကိုပါ ဆောက်လုပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးများသည် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြားစခန်း၌ ယာယီအိပ်ဆောင်များ၊ လုံခြုံရေးအဆောင်၊ ဆေးခန်း၊ စားသောက်ဆောင်၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်း၊ ရိက္ခာနှင့် ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ 

 

ယင်းနောက် ဒုတိယဝန်ကြီးများသည် ကြားစခန်းရှိ ဆေးခန်းအတွင်းလှည့်လည် ကြည့်ရှုကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးများသည် ရွှေဇားကျေးရွာသို့ ရောက်ရှိကြပြီး ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက အစ္စလာမ်ဘာသာဝင် ကလေးငယ်များ စာသင်နေမှုနှင့် ရွှေဇားကျေးရွာတွင် နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအား တွေ့ဆုံပြီးသိလိုသည်များကို မေးမြန်းကာ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ်အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးများသည် မောင်တောမြို့ ပန်းတောပြင်(အလယ်)ရွာသို့ ရောက်ရှိကြပြီး ဂျပန်နိုင်ငံအစိုးရနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်း၍ ပန်းတောပြင်ကျေးရွာ အပါအဝင် ကျေးရွာ(၁၂)ရွာတို့တွင် နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားများနှင့်အစ္စလာမ်ဘာသာဝင်များအတွက် စားနပ်ရိက္ခာများ ဖြန့်ဝေမှုများကို ကြည့်ရှုပြီးကျေးရွာနေ အစ္စလာမ်ဘာသာဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးများသည် ညနေပိုင်းတွင် မောင်တောမြို့မှ စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာပြီး စစ်တွေမြို့မှတစ်ဆင့် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

 

(သတင်းစဉ်)