ဝါရှင်တန် ဒီဇင်ဘာ ၁၂
ဂျပန်နိုင်ငံ၏ ပုဂ္ဂလိကကုမ္ပဏီမှ တည်ဆောက်သည့် အာကာသယာဉ် ကို လကမ္ဘာသို့ ပထမဆုံး လွှတ်တင်မှုကို ဒီဇင်ဘာ ၁၁ ရက်က စတင်လိုက်သည်။
တိုကျိုအခြေစိုက် စတာ့တ်အပ်အိုင်စပေ့စ် (startup ispace) မှ ထုတ်လုပ်သည့် အဆိုပါ အာကာသယာဉ်ကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကိပ်ကာနေဗီရယ်ရှိ စပေ့စ်အိလ်စ်၏ ဖယ်လ်ကွန် - ၉ ဒုံးပျံနှင့်အတူ ဒီဇင်ဘာ ၁၁ ရက် နံနက် ၂ နာရီ ၃၈ မိနစ် (ဂရင်းနစ် စံတော်ချိန်၀၇၃၈) တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းအာကာသယာဉ် လွှတ်တင်သည့် တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကိုလည်း ပြသခဲ့သည်။
အိုင်စပေ့စ်၏ “ယုန်ဖြူ”ဟုအဓိပ္ပာယ်ရသည့် ဟာကူတို-အာရ် အမည်ရှိ ၎င်းအာကာသယာဉ်သည် ဂျပန်နိုင်ငံရှိ ယုန်နှစ်ဖြစ်သော ၂၀၂၃ ခုနှစ် ဧပြီလတွင် လ၏မျက်နှာပြင်ပေါ်သို့ ဆင်းသက်နိုင်မည်ဟု မျှော်လင့် ထားကြောင်း ကုမ္ပဏီက ပြောကြားသည်။
အလျား ၂ မီတာမှ ၂ ဒသမ ၅ မီတာကျော်သာရှိသော အာကာသ ယာဉ်ပေါ်တွင် ဂျပန်အာကာသ စူးစမ်းရှာဖွေရေးအေဂျင်စီနှင့် အခြား သော အဖွဲ့အစည်းများမှ တီထွင်ထားသော စက်ရုပ်ငယ်များကို သယ်ဆောင်ထားသည်။ ၎င်းသည် လမျက်နှာပြင် စူးစမ်းလေ့လာမှုများကို နည်းပညာအမျိုးမျိုးဖြင့် စမ်းသပ်ပြုလုပ်မည်ဖြစ်သည်။ ထို့အတူ ယူအေအီးမှ တည်ဆောက်ထားသည့် ၁၀ ကီလိုဂရမ် အလေးချိန်ရှိ လပေါ်သွားယာဉ်တစ်စင်းလည်း ပါရှိသွားခဲ့ပြီး ရာရှစ်ဟု အမည်ပေးထားသည့် အဆိုပါ လပေါ်သွားယာဉ်သည် လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါက အာရပ်ကမ္ဘာ၏ ပထမဆုံးသော လကမ္ဘာရောက် ခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်သည်။
ဝန်ထမ်း ၂၀၀ သာရှိသော အိုင်စပေ့စ်သည် လကမ္ဘာသို့ ကြိမ်နှုန်းမြင့်မားပြီး ကုန်ကျစရိတ် သက်သာသော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် လူသားတို့၏ အသက်ရှင်သန်မှု နယ်ပယ်ကို အာကာသထဲသို့ တိုးချဲ့ရန်နှင့် ရေရှည်တည်တံ့သော ကမ္ဘာတစ်ခုဖန်တီးရန် ရည်ရွယ်ကြောင်း ပြောကြားသည်။
အေအက်ဖ်ပီ၊ အန်အိတ်ချ်ကေ