တိုကျို၊ မတ် ၁၁

ဂျပန်နိုင်ငံ၏ ၂၀၁၁ ခုနှစ် ငလျင်နှင့် နျူကလီးယား မတော်တဆမှုမှ သင်ခန်းစာများကိုရယူပြီး နိုင်ငံကို သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိသည့် နိုင်ငံအဖြစ် တည်ဆောက်မည်ဟု   ဂျပန် ဝန်ကြီးချုပ် ကီရှီဒါက ကတိပြုခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။ 

ယနေ့တွင်ဖူကူရှီးမားစီရင်စု၌ ကျင်းပသည့်  ဂျပန်ငလျင်နှင့် ဆူနာမီဖြစ်ပွားမှု ၁၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ၎င်းပါဝင် တက်ရောက်ခဲ့သည်။ အခမ်းအနားတက်ရောက်သူများက တိုဟိုကူဒေသ၏ ပစိဖိတ်ကမ်းရိုးတန်းတွင် ပြင်းအား ၉ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်သည့် အချိန်အတိအကျ ဖြစ်သည့် မွန်းလွဲ ၂နာရီ ၄၆ မိနစ်တွင် ငြိမ်သက်စွာဆုတောင်းခဲ့သည်။ ယင်းစီရင်စုတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ငလျင်၊ ဆူနာမီနှင့် မတော်တဆမှုများကြောင့်  စီရင်စုရှိ လူအများအပြား၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးခဲ့ကြောင်း ဝန်ကြီးချုပ်က ၎င်း၏မိန့်ခွန်းတွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

နျူကလီးယားဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်တည်ဆောက်ရေးအတွက် အလယ်အလတ်မှစတင်၍  ရေရှည်တုံ့ပြန်ဆောင်ရွက်မှုများအထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံကို ဘေးကင်းသည့် နည်းလမ်းများဖြင့် ဖျက်သိမ်းရန် အစိုးရက ထပ်မံကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားသည်။ 

၂၀၁၁ ခုနှစ် မတ် ၁၁ ရက်တွင် ဂျပန်ကမ်းရိုးတန်းအရှေ့မြောက်ပိုင်းရှိ တိုဟူကူဒေသ တွင် ပြင်းအား ၉ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် ဆူနာမီမုန်တိုင်း တိုက်ခတ်ခဲ့သည်။ ၎င်းဖြစ်စဉ်အတွင်း ဒေသခံ ၂၂၀၀၀ မှာ သေဆုံးခြင်း နှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပွားခဲ့ကာ ဆူနာမီမုန်တိုင်းကြောင့် ဖူကူရှီးမားဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံ ပျက်စီးခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ