ရန်ကုန် ၂၄ မတ်
ဂျပန်နိုင်ငံအစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ မန္တလေးမြို့တော် အမှိုက်သိမ်းစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ အမေရိကန်ဒေါ်လာ (၁၈၇၅၀၀) တန်ဖိုးရှိ အီစူဇူ အမှိုက်သိမ်းကားသုံးစီး ထောက်ပံ့ပေးရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ကျင်းပသည်။
မန္တလေးမြို့တော် အမှိုက်သိမ်းစနစ် တိုးတက်ရေးအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမနှင့် မန္တလေးဒုတိယမြို့တော်ဝန် ဦးရဲမွန်တို့က လက်မှတ်ရေးထိုးကြသည်။
လက်မှတ်ရေးထိုးပွဲတွင် ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမက “မန္တလေးဟာ မြန်မာနိုင်ငံမှာ သမိုင်းရှိတဲ့မြို့ဖြစ်ပါတယ်။ မန္တလေးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့ မြို့တော်ဖြစ်တဲ့အတွက် ကျွန်တော်တို့ အကူအညီပေးနိုင်ဖို့ မြန်မာနိုင်ငံအစိုးရနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ပါမယ်” ဟုပြောသည်။
မန္တလေးမြို့သည် “မန္တလေးမြို့တော် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၇-၂၀၃၀)” အရ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ မြို့ပြလူဦးရေ တိုးပွားလာသည်နှင့်အမျှ စွန့်ပစ်ပစ္စည်းများ၏ ပမာဏသည်လည်း တစ်နှစ်ထက်တစ်နှစ် သိသိသာသာ မြင့်တက်လာသည့်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် မြို့တော်တစ်ဝန်းတွင် အမှိုက်သိမ်း ဝန်ဆောင်မှုလုပ်ငန်းကို အပြည့်အဝဆောင်ရွက်ပေးရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီသည် အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် အသုံးပြုရန် အီစူဇူ အမှိုက်သိမ်းကား (၃) စီးကို လှူဒါန်းပေးရန် ဂျပန်သံရုံးအား မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
အီစူဇူ အမှိုက်သိမ်းကားများပေးသွင်းသည့် Mitsubishi Corporation နှင့် MSP Motors Limited တို့သည် အမှိုက်သိမ်းကား မောင်းနှင်မည့် ယာဉ်မောင်းများနှင့် အကူဝန်ထမ်းများကို နည်းပညာဆိုင်ရာ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးဒုတိယမြို့တော်ဝန် ဦးရဲမွန်က “မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဟာ မြို့နယ် ခြောက်မြို့နယ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဖွဲ့စည်းထားတဲ့ ခြောက်မြို့နယ်ထဲမှာ ဖွံ့ဖြိုးမှုနည်းနေတဲ့ မြို့နယ် နှစ်မြို့နယ်ဖြစ်တဲ့ အမရပူရနဲ့ ပြည်ကြီးတံခွန် မြို့နယ်တွေကို ရည်ရွယ်ပြီး လှူဒါန်းတဲ့ အမှိုက်ကား သုံးစီးဟာ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ပေးတယ်လို့ ခံယူပါတယ်” ဟုပြောသည်။
မြို့နယ် ခြောက်မြို့နယ်နှင့် ဖွဲ့စည်းထားသည့် မန္တလေးမြို့တော်သည် တစ်ရက်ကို အမှိုက်တန်ချိန် ၁၀၀၀ ကျော်ထွက်ရှိကြောင်း မန္တလေးဒုတိယမြို့တော်ဝန်ထံမှ သိရသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်းပေါင်း (၉၃၂) ခုကို ထောက်ပံ့ပေးခဲ့ပြီး ပညာရေးထောက်ပံ့ရေး စီမံကိန်းပေါင်း (၄၉၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့် တင်ရေးစီမံကိန်ပေါင်း (၂၀၁)ခု၊ လူမှုဖူလုံရေးနှင့် ပတ်ဝန်းကျင် စီမံကိန်းပေါင်း (၁၄၁)ခု၊ အခြေခံအဆောက်အအုံ စီမံကိန်းပေါင်း (၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း (၃၆)ခုတို့ကို မြန်မာပြည်သူပြည်သားများ၏ နေထိုင်မှု အဆင့်မြှင့်တင်မှုအတွက် ရည်ရွယ် ပြီးထောက်ပံ့ခဲ့ပြီး အဆိုပါ အထောက်အပံ့များသည် လက်ရှိ ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက် ခိုင်မာစေလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သတင်း-ညွန့်ကိုကို၊ ဓာတ်ပုံ-ဖိုးထောင်


