ရန်ကုန် ၂၄ မတ်

 

ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေး အစီအစဉ်အရ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြည်သူ့ဆေးရုံ အဆောက်အအုံသစ်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးရေးအတွက် အမေရိကန်ဒေါ်လာ လေးသိန်းရှစ်သောင်းခန့် ပေးအပ်ထောက်ပံ့မည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ကျင်းပသည်။

 

as1222

 

 အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိရော့ မာရုယာမနှင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမင်းတို့ကရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

 

ဂျပန်သံအမတ်ကြီး မစ္စတာအိချိရော့ မာရုယာမဒီစီမံကိန်းက ကျွန်တော့်အတွက် အထူးအလေးထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ကျွန်တော်ကိုယ်တိုင် မောင်တောကို သွားခဲ့ပါတယ်။ အဲဒီမှာ ဒေသခံပုဂ္ဂိုလ်များနဲ့ တွေ့ခဲ့ပါတယ်။ အဲဒီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မိမိဆန္ဒအလျောက် မြန်မာပြည်ကို ပြန်လာကြတဲ့ ဒေသခံအချို့နဲ့လည်း တွေ့ပါတယ်။ အဲ့ဒီမှာ ဘာလိုအပ်သလဲမေးတော့ မောင်တောမှာဆေးရုံတော့ရှိတယ်။ အဆင့်မြှင့်တင်ဖို့လိုတယ်။ ဒါကြောင့်  ဆေးရုံမြှင့်တင်ရေးနဲ့ ထောက်ပံ့မှုတွေကို ပြုလုပ်ဖို့ ကတိပြုခဲ့ပြီး အခုလို စီမံချက်ရေးဆွဲပြီး ပေးအပ်တာပါဟုပြောသည်။

 

မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမင်းကမောင်တောဆေးရုံးအတွက် လိုအပ်တဲ့ ပြင်ပလူနာ၊ အရေးပေါ်လူနာဆောင်၊ အထူးကြပ်မတ်ကုသဆောင်နဲ့ ဆက်စပ်ပစ္စည်းတွေကို လှူဒါန်းပေးတဲ့အတွက် မြို့သူမြို့သားများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အစွန်ဆုံး၊ ဖွံ့ဖြိုးမှု နောက်အကျဆုံးမြို့ကို ရွေးချယ်ပြီး ပေးအပ်တဲ့အတွက် အထူးဝမ်းသာမိပါတယ်ဟုပြောသည်။

 

မကြာမီ မောင်တောဆေးရုံကို ခုတင်(၅၀)ဆံ ဆေးရုံမှ ခုတင်(၁၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် အမေရိကန်ဒေါ်လာ လေးသိန်းရှစ်သောင်းခန့်ဖြင့် မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ၏ ပြင်ပလူနာ၊ အရေးပေါ်လူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင် ဆောက်လုပ်ခြင်းနှင့် လိုအပ်သော ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းတို့ကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှမင်းထံမှ သိရသည်။

 

မောင်တောဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းကအခုလှူဒါန်းမှုက နယ်စပ်ဒေသဖြစ်တဲ့ မောင်တောဒေသ ပြည်သူလူအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အလွန်အကျိုးရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက်လဲ ကုသမှုအပိုင်းမှာ အကျိုးဖြစ်ထွန်းမယ်။ အဓိကလို အပ်နေတာကတော့ ဆေးပစ္စည်တွေပါပဲဟု ပြောသည်။

 

သတင်း- ညွန့်ကိုကို၊ ဓာတ်ပုံ- ဖိုးထောင်