ရန်ကုန်၊ ၂၂ ဒီဇင်ဘာ

 

ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုဆေးသိုလှောင်ရေးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူး Mr. Takimi Kazuyuki က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အပံ့စီမံကိန်းအရ ဝယ်ယူထားသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းကိရိယာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုဆေးသိုလှောင်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်သီတာအေးနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။

 

ယနေ့လှူဒါန်းမှုသည် ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းမှုအနေဖြင့် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများဖြစ်သည့် mobile X-Ray စက် ၁၀ လုံး၊ Syringe pump အလုံး(၁၀၀) နှင့် Suction pump အလုံး (၁၀၀) ဖြစ်ကြောင်း သိရသည်။

 

အလားတူ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကာလတွင် ကိုဗစ်-၁၉ ရောဂါ အထူးကြပ်မတ်ကုသဆောင်များတွင် အသုံးပြုရန် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းကို လှူဒါန်းခဲ့သည့်အပြင် ဆက်လက်၍လည်း လူနာတင်ယာဉ်များ ထောက်ပံ့ကူညီသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး