တိုကျို ၊ ဇန်နဝါရီ ၉

 

ဂျပန်နိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်က ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် ငလျင်နှင့် ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အပြည့်အဝသိရှိနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် ပြင်းထန်သောအအေးဓာတ်နှင့် ဆီးနှင်းများသည် သက်ဆိုင်ရာ ဒေသများသို့ ကျဆင်းလျက်ရှိသည်။

 

တာဝန်ရှိသူများက ဆီးနှင်းကြောင့် ထိခိုက်ခံစားရသူများအား ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်းမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လည်း အကြံပေးထားသည်။ ဇန်နဝါရီ ၈ ရက်တွင် အီရှီကာဝါစီရင်စု နိုတိုကျွန်းဆွယ်ဒေသရှိ မြို့များတွင် ဆီးနှင်းများစုပုံလာမှု မှာ ၁၀ စင်တီမီတာခန့်အထိ ရောက်ရှိခဲ့သည်။ နှင်းထု၏ အလေးချိန်ကြောင့် ပျက်စီးနေသည့် အဆောက်အအုံများ ပြိုကျနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။ လက်ရှိအချိန်၌ ယာယီတဲများတွင် ခိုလှုံ နေသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်သည်။

 

လူပေါင်း ၂၈၀၀၀ ကျော်သည် အီရှီကာဝါစီရင်စုရှိ ရွက်ဖျင်တဲများတွင်နေထိုင်လျက်ရှိသည်။ အီရှီကာဝါ စီရင်စု၏မြို့တော် ကန်နာဇာဝါမြို့ရှိ အားကစားရုံ တစ်ခုတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင် များနှင့် အထူးစောင့်ရှောက်မှုလိုအပ်သောသူများကို စတင်လက်ခံနေပြီဖြစ်သည်။ တာဝန်ရှိသူများက ငလျင် လှုပ်ခတ်ရာမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသူများကို ဟိုတယ်များနှင့် အခြားအဆောက်အအုံများသို့ လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊

ဘာသာပြန် - စိုးသူရ