တိုကျို၊ ဇန်နဝါရီ ၂

 

ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ အီရှီကာဝါ စီရင်စု၌ ယမန်နေ့က ပြင်းအား ရစ်ခ်ျတာ စကေး ၇ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

 

၎င်းမြေငလျင် လှုပ်ခတ်မှုကြောင့် ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နီဂါတာ၊ တိုယာမာ၊ ယာမာဂါတာ၊ ဖူကူအီ နှင့် ဟိုဂိုစီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ၂၀၁၁ ခုနှစ်အတွင်း ငလျင်လှုပ်ပြီးနောက်ပိုင်း “အကြီးစား ဆူနာမီ သတိပေးချက်” ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခြင်းဖြစ်ကာ သုံးမီတာနှင့်အထက်ရှိ ဆူနာမီရေလှိုင်းများ ကျရောက်မည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။ အီရှီကာဝါစီရင်စု ဝါဂျီမာမြို့တွင် ညနေ ၄ နာရီ ၂၁ မိနစ်၌ ဆူနာမီရေလှိုင်း ၁ ဒသမ ၂ မီတာကျော် မြင့်တက်လာသည်ကို စတင်တွေ့ရှိခဲ့ပြီး ညနေ ၄ နာရီ ၃၅ မိနစ်တွင် စင်တီမီတာ ၈၀ ရှိ ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် တိုယာမစီရင်စု တိုယာမမြို့၊ နီဂါတာခရိုင် ကာရှီဝါဇာကီမြို့ စသည့်နေရာများတွင်လည်း ညနေ ၄ နာရီ ၃၆ မိနစ်တွင် စင်တီမီတာ ၄၀ ရှိသော ဆူနာမီ လှိင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

၎င်းဒေသများရှိ ဒေသခံများကို ဘေးလွတ်ရရွှေ့ပြောင်းရန်နှင့် ကမ်းရိုး တန်းမှ ဝေးရာသို့ ထွက်ခွာကြရေးအတွက် တာဝန်ရှိသူများက သတိပေးပြောကြား သည်။ Akita ကျည်ဆန်ရထားလိုင်း၏ ရထားပြေးဆွဲမှုကို ညနေ ၅ နာရီ ဝန်းကျင်တွင် ရပ်ဆိုင်းထားကြောင်း East Japan Railway ကုမ္ပဏီမှ ဖြည့်စွက်ပြောကြားသည်။ ထို့ပြင် Joetsu နှင့် Hokuriku ကျည်ဆန်ရထားလိုင်းများ သည်လည်း ဝန်ဆောင်မှုများကို ရပ်တန့်ထားသည် အီရှီကာဝါစီရင်စု ရှီကာမြို့ရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ခုတွင် ငလျင်လှုပ်ခတ်မှုကြောင့် စက်ရုံကို ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ရှီကာနျူကလီးယားဓာတ်အားပေးစက်ရုံရှိ ဓာတ်ပေါင်းဖိုနှစ်ခုစလုံးသည်လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ကြောင်း Hokuriku Electric Power ကုမ္ပဏီက ပြောကြားသည်။

 

 အီရှီကာဝါနှင့် နီဂါတာစီရင်စုများရှိ အိမ်ထောင်စု ၃၃၀၀၀တွင် မိုဘိုင်းလ် ဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း သိရသည်။

 

အဆိုပါငလျင်ကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို အစိုးရက အကဲဖြတ်မည်ဖြစ်ကြောင်း အစိုးရ အဖွဲ့အတွင်းရေးမှူး ဟာယာရှီယိုရှိမာဆာက ပြောကြားသည်။ ယင်းငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံများစွာ ပြိုကျခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ နိုင်ငံသားများသည် အရေးပေါ် သတင်းအချက်အလက်များကို ကြည့်ရှုနားထောင်ရန်နှင့် မိမိကိုယ်ကို သတိပြုနေထိုင်ကြရန် ၎င်းက မှတ်ချက်ပြု ပြော ကြားသည်။

 

ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လူသားများ၏ အသက်ကို ဦးစား ပေးသည့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဂျပန်တပ်ဖွဲ့ဝင်များအား ကာကွယ်ရေးဝန်ကြီး ကီဟာရာက ညွှန်ကြားခဲ့သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ

ဘာသာပြန်-စိုးသူရ