ဇူလိုင် ၃၁
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အိုကီနာဝါနှင့် အမာမီဒေသများတွင် တိုင်ဖွန်းမုန်တိုင်းခါနွန် ချဉ်းကပ်လာသဖြင့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားရန် မိုးလေဝသတာဝန်ရှိသူများက ဒေသခံများအား သတိပေးပြောကြားထားသည်။
အဆိုပါတိုင်ဖွန်းမုန်တိုင်းဝင်ရောက်မှုကြောင့် ထိုဒေသများတွင် ဩဂုတ်လ ၂ ရက်အထိ လေပြင်းများတိုက်ခတ်ခြင်း၊ ဒီရေလှိုင်းများမြင့်တက်ခြင်းတို့ ဖြစ်ပေါ်လာမည်ဟု ၎င်းတို့ကဆိုသည်။
ထိုမုန်တိုင်းသည် အိုကီနာဝါ၏အရှေ့တောင်ဘက်မှ မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့်ရွေ့လျားသွားမည်ဖြစ်ကြောင်း မိုးလေဝသအေဂျင်စီက ပြောကြားသည်။
ဇူလိုင် ၃၁ ရက်တွင် လေပြင်းတိုက်ခတ်မှုသည် အမာမီဒေသတွင် တစ်နာရီလျှင် ၇၂ ကီလိုမီတာနှင့် အိုကီနာဝါဒေသတွင် တစ်နာရီလျှင် ကီလိုမီတာ ၉၀နှုန်းရှိမည်ဟု မျှော်မှန်းထားပြီး အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၂၆ ကီလိုမီတာအထိ ရောက်ရှိနိုင်သည်ဟု သိရသည်။
ဩဂုတ် ၁ ရက်နေ့တွင် အိုကီနာဝါဒေသ၌ တစ်နာရီလျှင် ၁၄၄ ကီလိုမီတာအထက်၊ အမာမီဒေသတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထက်ရှိမည်ဟု တာဝန်ရှိသူများကဆိုသည်။
မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုများနှင့် မြစ်ရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးပြောကြားထားသည်။
ကမ်းရိုးတန်းတလျှောက် လေပြင်းများတိုက်ခြင်း၊ လှိုင်းကြီးခြင်းတို့အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သင့်သည်ဟု တာဝန်ရှိသူများက ဒေသခံများအား ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို