ဇွန် ၁၈
ဂျပန်နိုင်ငံရှိနေရာအနှံ့အပြားတွင် အပူလှိုင်းဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၎င်းထက်ပိုမိုမြင့်မားနိုင်သည်ဟု ယူဆရသည်။ ပြည်သူများအနေဖြင့် အပူဒဏ်ကာကွယ်ရေးလုပ်ဆောင်ထားကြရန် အကြံပြုထားသည်။
နိုင်ငံ၏နေရာအများအပြားတွင် ယမန်နေ့ကအပူချိန်များမြင့်တက်ခဲ့ရာ ကိုဖူမြို့တွင် နေ့အပူချိန် ၃၈ ဒသမ ၂ ဒီဂရီ၊ တာကာဆာကီမြို့တွင် ၃၇ ဒသမ ၇ ဒီဂရီနှင့် ရှီဇူအိုကာမြို့တွင် ၃၇ ဒသမ ၆ ဒီဂရီ တို့ရှိသည်ဟု မိုးလေဝသအေဂျင်စီက ပြောကြားသည်။
နိုင်ငံ၏နေရာအများစု၌ ဇွန် ၁၈ ရက်တွင် ရာသီဉတုပူပြင်းမှုနှင့် ထပ်မံကြုံတွေ့ရမည်ဟု ထိုအေဂျင်စီက ခန့်မှန်းထားသည်။ နာဂိုယာမြို့နှင့် ဂီဖူမြို့တို့တွင် နေ့အပူချိန် ၃၇ ဒီဂရီနှင့် ကျိုတို၊ ကိုဖူနှင့် ကာမာဂါယာမြို့တို့တွင် ၃၆ ဒီဂရီတို့ရှိမည်ဟု ခန့်မှန်းထားသည်။
အပူချိန်မြင့်မားသဖြင့် လိုအပ်ပါကလေအေးပေးစက်များအသုံးပြုကြရန်၊ အပြင်ထွက်သွားလာ လှုပ်ရှားသူများအနေဖြင့် ဆားနှင့်အရည်များ မကြာခဏသောက်သုံးပေးကြရန် အကြံပြုထားသည်။
ယမန်နေ့ကအပူချိန်မြင့်မားမှုကြောင့်ဟုယူဆရသောလူနာများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သေဆုံးသူအနည်းငယ်ရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံအရှေ့ပိုင်း၌ ယနေ့မွန်းလွဲပိုင်းတွင် လေထုမငြိမ်မသက်မှုများ၊ ဒေသအလိုက်မိုးရွာသွန်းမှုများဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းထားသည်။
မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ၊ မြစ်ရေကြီးမှုများ၊ ရွှံမြေပြိုမှုများ၊ မိုးကြိုးပစ်၊ မိုးသီးကြွေမှုများနှင့် လေဆင်နှာမောင်းကဲ့သို့သော လေပြင်းများတိုက်ခတ်မှုတို့နှင့်ပတ်သက်ပြီး ထိုအေဂျင်စီက သတိပေးပြောကြားထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို