မေ ၅

 

ဂျပန်နိုင်ငံ၏ ကလေးဦးရေလျော့ကျလာသည်မှာ  ၄၂ နှစ်ဆက်တိုက်ရှိပြီဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန်သော အချက်အလက်ဖော်ပြချက်အရ သိရသည်။ ယနေ့ မေလ ၅ ရက်နေ့သည် ကလေးများနေ့ဖြစ်သည်။

 

ဧပြီလ ၁ ရက်နေ့အထိ အသက် ၁၄ နှစ်နှင့်၎င်းအောက်ရှိအရွယ်ကလေးဦးရေ ၁၄ ဒသမ ၃၅ သန်းရှိရာ ပြီးခဲ့သည့်နှစ်ကထက် ၃၀၀၀၀၀ လျော့ကျခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တွက်ချက်ဖော်ပြထားသည်။

 

အဆိုပါ ၁၄ ဒသမ ၃၅ သန်းအနက် ယောက်ကျားလေးဦးရေ ၇ ဒသမ ၃၅ သန်းနှင့် မိန်းကလေးဦးရေ ၇ သန်းတို့ဖြစ်သည်။

 

၁၉၈၂ ခုနှစ်နောက်ပိုင်းတွင်  ကလေးဦးရေ ဆက်လက်လျော့ကျလာသည်။

 

အသက် ၁၂ နှစ်နှင့် ၁၄ နှစ်ကြားအရွယ်ကလေးဦးရေ ၃ ဒသမ ၂၁ သန်းရှိပြီး အသက် ၉ နှစ်မှ ၁၁ နှစ်ကြား အရွယ် ကလေးဦးရေ ၃ ဒသမ ၀၈ သန်း၊ အသက် ၆ နှစ်မှ ၈ နှစ်ကြားအရွယ်ကလေးဦးရေ ၂ ဒသမ ၉၆ သန်း၊ အသက် ၃ နှစ်မှ ၅ နှစ်ကြားအရွယ် ၂ ဒသမ ၆၇ သန်းနှင့် မွေးကင်းစမှအသက် ၂ နှစ်အရွယ်ကလေးဦးရေ ၂ ဒသမ ၄၃ သန်းတို့ရှိသည်။

 

စုစုပေါင်းလူဦးရေတွင် ကလေးဦးရေအချိုးသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်းသို့လျော့ကျလာရာ  ၄၉ နှစ်ဆက်တိုက် လျော့ကျလာခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် အောက်တိုဘာလအထိ အိုကီနာဝါစီရင်စုတွင် ကလေးဦးရေ ၁၆ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရှိပြီး  ရှီဂါနှင့်ဆာဂါတို့တွင် ၁၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် ကူမာမိုတိုတွင် ၁၃ ရာခိုင်နှုန်းတို့ဖြစ်သည်။

 

အကီတာစီရင်စုတွင် ကလေးဦးရေ ၉ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အနည်းဆုံးဖြစ်ပြီး အေအိုမိုရီတွင် ၁၀ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဟော့ကိုင်းဒိုးတွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

 

အမျိုးသားလူမှုရေးအသင်းအဖွဲ့နှင့် လူမှုဖူလုံရေးသုတေသနအဖွဲ့၏လွန်ခဲ့သောလက ကြိုတင်ခန့်မှန်းချက်အရ  ၂၀၅၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ကလေးဦးရေ ၁၀ သန်းအောက်လျော့ကျမည်ဖြစ်ကြောင်း၊ ၂၀၇၀ ခုနှစ်တွင် စုစုပေါင်းလူဦးရေ ၉ ဒသမ ၂ ရာခိုင်နှုန်း သို့မဟုတ် ၇ ဒသမ ၉၇ သန်းအထိ လျော့ကျမည်ဖြစ်ကြောင်း လွန်ခဲ့သောလက နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို