ဂျပန်နိုင်ငံ၏ (MEXT) မှ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့် Undergraduate Students Scholarship Program များ အတွက် စတင်စာရင်း ပေးသွင်းနိုင်

ရန်ကုန် ဧပြီ ၂၄
ဂျပန်နိုင်ငံ၏ Ministry of Education, Culture, Sports, Science and Technology (MEXT) မှ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ပေးအပ်မည့်  Undergraduate Students Scholarship Program များ အတွက် ဧပြီ ( ၂၃ ) ရက်ကပင် စတင်ကာ စာရင်းပေးသွင်းနိုင်နေပြီ ဖြစ်ပြီး မေ ၆  ရက်တွင်  လျှောက်လွှာစာရွက်စာတမ်းများကို စတင်လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းများအသင်းက အသိပေးကြေငြာထားသည်။
လျှောက်ထားရန် ပညာအရည်အချင်း လိုအပ်ချက်အနေဖြင့်Undergraduate Student Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၅၀ နှင့် အထက် (သိုမဟုတ်) EJU, Cambridges International (A) Level, iGCSE, GCE (A) Level စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများတွင် အမှတ်ပေါင်း ၆၀% အထက် ရရှိထားသူများ၊ College of Technology Training Student Program နှင့် Specialized Training College Students Program အား တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ပေါင်း ၄၂၀ နှင့်အထက် (သိုမဟုတ်) EJU, Cambridges International (A) Level, iGCSE, GCE (A) Level စသည့် နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများတွင် အမှတ်ပေါင်း ၅၀% အထက် ရရှိထားသူများလျှောက်ထားနိုင်ကြောင်း ပါရှိသည်။
MEXT မှ သတ်မှတ်ထားသည့် Guidelines အရ လက်ရှိမြန်မာနိုင်ငံတွင်း နေထိုင်သူများသာ လျှောက်ထားနိုင်ကြောင်းသိရပြီး  လျှောက်လွှာလက်ခံရက်မှာ စာရင်းသွင်းခြင်း (Google Form) ကို ဧပြီ ၂၃ ရက်မှ မေ ၇ ရက်ညနေ ၄ နာရီအထိလည်းကောင်း၊ လျှောက်လွှာစာရွက်စာတမ်းများ ပေးပို့တင်သွင်းခြင်းကို မေ ၆ ရက်မှ ၁၁ ရက် ညနေ ၄ နာရီအထိလည်းကောင်း သတ်မှတ်ထားပြီး၊ ဧပြီ ၂၃ ရက်မှ မေ ၇ ရက်အတွင်း Google Form တွင် စာရင်းသွင်းထားခြင်းမရှိပါက လျှောက်လွှာ စာရွက်စာတမ်းများအား လက်ခံမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။
ဂျပန်နိုင်ငံ၏ MEXT (Ministry of Education, Culture, Sports, Science and Technology) မှ သတ်မှတ်ထားသည့် လျှောက်လွှာနှင့်အတူ ပညာအရည်အချင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား MAJA ရုံးခန်းသို လူကိုယ်တိုင်/ ကိုယ်စားဖြစ်စေ၊ စာတိုက်/ အမြန်ချောပိုများမှတစ်ဆင့်ဖြစ်စေ မေလ ၁၁ ၇က် ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။ 
Academic Transcript(s) for all school/ university years အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ (သိုမဟုတ်) တက္ကသိုလ် ပထမနှစ်တက်ရောက်နေသူဖြစ်ပါက တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမိတ္တူ တင်ပြရမည်ဖြစ်ပြီး တက္ကသိုလ်ဒုတိယနှစ်နှင့်အထက် တက်ရောက်နေသူဖြစ်ပါက တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမိတ္တူနှင့်တကွ တက်ရောက်ခဲ့ပြီးသော စာသင်နှစ်များ၏ အမှတ်စာရင်းများကိုပါ တင်ပြရမည်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုစာမေးပွဲ ဖြေဆိုထားသူများအနေဖြင့် သက်ဆိုင်ရာစာမေးပွဲများ၏ အမှတ်စာရင်း မိတ္တူများအား တင်ပြရမည်ဟုသိရပြီး Certificate of Graduation of School အတွက် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ (သိုမဟုတ်) နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲဖြေဆိုထားသူများအနေဖြင့် သက်ဆိုင်ရာစာမေးပွဲအောင် လက်မှတ်မိတ္တူကို တင်ပြရမည်ဟုပါရှိသည်။
ဧပြီ  ၂၃ရက်မှ မေ ၇ ရက်အတွင်း Google Form တွင် စာရင်းသွင်းပြီးပါက လျှောက်ထားသူ၏ email သို အလိုအလျောက်ဝင်လာမည့် response email အား screenshot ရိုက်ယူ၍ print ထုတ်ပြီး ပူးတွဲတင်ပြရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။ လျှောက်လွှာနှင့် ပညာအရည်အချင်းအထောက် အထားများ စိစစ်၍ သတ်မှတ်ချက်နှင့်ပြည့်စုံသော လျှောက်ထားသူများအား ရေးဖြေစာမေးပွဲဖြေဆိုရန် ဖြေဆိုခွင့်ရရှိသူစာရင်းကို မေ ၁၅ ရက်တွင်ကြေညာသွားမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို မေ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ပဏာမအဆင့်အောင်မြင်သူများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဆက်လက်ရွေးချယ်ခြင်းများပြုလုပ်မည်ဖြစ်ကြောင်းပါရှိသည်။
MT