ဇူလိုင် ၂၀
ဂျပန်နိုင်ငံတစ်ဝန်း အန္တရာယ်ရှိအဆင့်အထိ အပူချိန်မြင့်တက်လာခဲ့ပြီး နိုင်ငံအရှေ့ပိုင်းဒေသတချို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီက ကန်တို-ကိုရှင်နှင့် တိုကိုင်း ဒေသများတွင် မိုးရာသီကုန်ဆုံးသွားပြီဖြစ်ကြောင်း ပြောကြားသည်။ အာဏာပိုင်တွေက ဒေသအများအပြားတွင် အပူဒဏ်သတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။
အိုင်ချီစီရင်စု တိုယိုတာမြို့တွင် ယနေ့မွန်းလွဲ ၂ နာရီအထိ နေ့ခင်းပိုင်း အမြင့်ဆုံးအပူချိန် ၃၈ ဒသမ ၅ ဒီဂရီနှင့် အီဘာရာကီ စီရင်စု ဒိုင်ဂိုမြို့တွင် ၃၈ ဒသမ ၄ ဒီဂရီအထိ ရောက်ရှိခဲ့ပြီး တိုကျိုမြို့လယ်ခေါင်တွင် အပူချိန် ၃၆ ဒီဂရီအထိ မြင့်တက်လာခဲ့သည်ဟု သိရသည်။
ပြည်သူများအနေဖြင့် လေအေးပေးစက်အသုံးပြုရန်၊ ရေဓာတ်လုံလောက်စွာရရှိအောင် ရေများများသောက်ရန်နှင့် ဆားဓာတ်လုံလောက်စွာ စားသုံးရန် အကြံပြုထားပြီး အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းမပြုရန်၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအခြေအနေကို အထူးဂရုစိုက်ရန်လည်း တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


