မတ် ၆
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ရောဂါပိုးများ ပျံ့နှံ့စေသော ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို စိုက်ပျိုးရေးဝန်ကြီးဌာနကအတည်ပြုခဲ့ပြီး မြောက်ပိုင်းစီရင်စု၏ စတုတ္ထမြောက်ကူးစက်မှုနှင့် ယခုရာသီတွင် နိုင်ငံ၏ ၂၁ ကြိမ်မြောက် ကူးစက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။
အာဘီရာမြို့တွင်တည်ရှိသော ငှက်တုပ်ကွေးရောဂါဖြစ်ပွားရာခြံတွင် ကြက်အကောင်ရေ ၁၉၀၀၀၀ ခန့် မွေးမြူထားကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ဒေသန္တရအာဏာပိုင်များထံသို့ မတ်လ ၄ ရက်က ထိုခြံမှအကြောင်းကြားခဲ့ရာ ယင်းနေ့မှာပင် ငှက်တုပ်ကွေးစစ်ဆေးမှုပြုလုပ်ခဲ့သဖြင့် ရောဂါရှိကြောင်း အပြုသဘောဆောင်သောရလဒ်ကို ရရှိခဲ့ပြီး၊ နောက်တစ်နေ့တွင် မျိုးရိုးဗီဇစစ်ဆေးမှုဖြင့် ၎င်းရလဒ်ကို အတည်ပြုခဲ့သည်ဟု သိရသည်။
ဗိုင်းရပ်စ်ထပ်မံပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ခြံအတွင်းရှိ ကြက်အားလုံးကို သတ်ဖြတ်၊ မီးရှို့ပြီး မြေမြှုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဂျပန်နိုင်ငံတွင် ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသော ရာသီကာလသည် ပုံမှန်အားဖြင့် ဆောင်းဦးရာသီမှ နောက်နှစ် နွေဦးရာသီအထိ ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


