ဂျပန်နိုင်ငံက ကာကွယ်ဆေးလိုအပ်ချက်မရှိတော့သည့်အတွက် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သန်း ၄၀ ဝယ်ယူမှုကို ပယ်ဖျက်

တိုကျို ဧပြီ ၁၃

 

ဂျပန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လိုအပ်ချက်မရှိတော့သည့်အတွက် AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သန်း ၄၀ ဝယ်ယူမည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

ယင်းသို့ ဂျပန်နိုင်ငံက ဝယ်ယူမည့်အစီအစဉ် ဖျက်သိမ်းလိုက်သည့် ကာကွယ်ဆေး ပမာဏသည် ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်နိုင်ငံအစိုးရက ကနဦးမှာယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ သန်း ၁၂၀ ၏ သုံးပုံပုံတစ်ပုံ ရှိကြောင်း သိရသည်။ ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသုံးပြုမှုကို ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သို့ရာတွင် သွေးခဲမှုနှင့် ဆက်နွှယ်သည့် ကာကွယ်ဆေး၏ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်များကြောင့် AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအသုံးပြုမှုကို အသက် ၄၀ နှင့်အထက် အသက်အရွယ်များ အတွက်သာ ကန့်သတ်ထားကြောင်း သိရသည်။

 

ဂျပန်နိုင်ငံသည် ဝယ်ယူထားသည့် AstraZeneca ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအနက်မှ ၄၃ သန်းခန့်ကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အလင်းသစ်