မော်စကို မေ ၂၁

ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်က ကူရိုင်းကျွန်းများဟုခေါ်တွင်သည့် ကျွန်းလေးကျွန်း ပါဝင်သည့် ကျွန်းစုဒေသတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အမိန့်ပေးခဲ့ကြောင်း၊ ယင်းကျွန်းလေးကျွန်းမှာ ဂျပန်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောကြားထားသည့် ကျွန်းများဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

ရုရှားနိုင်ငံက ၎င်းကျွန်းစုတွင် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် ရုရှားဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ရုရှားအရှေ့ဖျားဒေသကိုကြီးကြပ်ရသည့် ဒုတိယဝန်ကြီးချုပ် ယူရီတရာနက်သည် မော်စကိုမြို့တွင် မေ ၂၀ ရက်က ကျင်းပသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အစည်းအဝေး သို့ တက်ရောက်စဉ် ရုရှားဝန်ကြီးချုပ်က ယင်းသို့ ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။

ကူရိုင်းကျွန်းစုတွင် လတ်တလောကာလအထိတိုင်အောင် ဟိုတယ်များမရှိသေးကြောင်း၊ သို့သော် ယင်း အခြေအနေကို ပြောင်းလဲပစ်ရမည်ဖြစ်ကြောင်း၊ ရုရှားနှင့်နိုင်ငံတကာမှ ခရီးသွားများအား ဆွဲဆောင်နိုင်ရန် လိုအပ်သော အခြေခံအဆောက်အအုံများ အလျင်အမြန်တည်ဆောက်သွားရန် ၎င်းအနေဖြင့် ဆန္ဒရှိကြောင်း ရုရှား ဝန်ကြီးချုပ်က ပြောကြားသည်။

ယင်းကျွန်းလေးကျွန်းပေါ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနှင့် ပူးတွဲလုပ်ဆောင်ရန် ဂျပန်နိုင်ငံက လိုလားသော်လည်း ရုရှားနိုင်ငံကမူ အဆိုပါလုပ်ငန်းများကို တစ်ဦးတည်း အရှိန်မြှင့် လုပ်ဆောင်နေသည်။

ရုရှားနိုင်ငံက ကူရိုင်းကျွန်းစုများဟု ခေါ်တွင်သည့် ကျွန်းလေးကျွန်းကို ထိန်းချုပ်ထားသော်လည်း ယင်းကျွန်းများသည် အစဉ်အလာအရ ဂျပန်နိုင်ငံကပိုင်ဆိုင်ခဲ့သည့် နိုင်ငံအစိတ်အပိုင်းနယ်မြေများ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် ရုရှားနိုင်ငံက တရားမဝင် သိမ်းယူထားခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံက ပြောကြားသည်။

အင်န်အိတ်ချ်ကေ