တိုကျို ဇန်နဝါရီ ၇
ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့သည် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် ယခုလို ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရာတွင် သြစတြေးလျသည် ပထမဆုံးနိုင်ငံဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါး ဖူမီယိုသည် ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်နှင့် ဇန်နဝါရီ ၆ ရက် အွန်လိုင်း အစည်းအဝေးတွင် တွေ့ဆုံခဲ့သည်။
ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့နှင့် သြစတြေးလျစစ်ဘက်တို့ အပြန်အလှန်စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် တခြားဆောင်ရွက်ချက်များ ပြုလုပ်ရာတွင် အဆိုပါသဘော တူညီမှုသည် မူဘောင်တစ်ခုအသွင် တည်ရှိနေမည် ဖြစ်သည်။
၎င်းတို့သည် စစ်ရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းရန် ပူးတွဲကော်မတီတစ်ခုကိုလည်း တည်ထောင်မည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် လက်ရှိအခြေအနေကို ဖိအားပေးပြောင်းလဲစေမည့် တစ်ဖက်သတ် ကြိုးစားမှုမှန်သမျှကို ဆန့်ကျင်ကြရန်လည်း သဘောတူခဲ့သည်။ ဂျပန်-သြစတြေးလျ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ဩစတြေးလျကျွမ်းကျင်သူ ရစ်ချက်မက်ဂရီဂေါက ဂျပန်နိုင်ငံသည် ဩစတြေးလျ၏ သဘာဝမိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ