နေပြည်တော် ၃၁ ဇူလိုင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံကြသည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပရာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက “ပြီးခဲ့တဲ့နှစ် သြဂုတ်လက ကျွန်တော် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ၃ ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး အခုအချိန်မှာ အလည်အပတ်လာရောက်နိုင်တာကို အထူးပဲ ဝမ်းမြောက်မိပါတယ်။ ဒီနေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ ဂျပန်နိုင်ငံက စီးပွားရေး၊ လူမှုရေးအပါအဝင် ဘက်ပေါင်းစုံက ကူညီထောက်ပံ့သွားမယ်လို့ ထပ်မံအတည်ပြု ပြောကြားလိုပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ကြုံတွေ့နေတဲ့ အချိန်ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံက သမိုင်းဝင်မိတ်ဆွေ နိုင်ငံတစ်နိုင်ငံအနေနဲ့အတူ စဉ်းစားသုံးသပ်ပြီး ကူညီထောက်ပံ့ သွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုက မဖြစ်မနေလိုအပ်ပါတယ်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်မှုကို တတ်နိုင်သမျှ အားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးရှိတဲ့ အမြင်ချင်းဖလှယ်ဆွေးနွေးမှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
“မြန်မာအစိုးရက ဘင်္ဂလားဒေရှ့်နိုင်ငံကို ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ရေးအတွက် ဖန်တီးဆောင်ရွက်နေတာကို ဂျပန်နိုင်ငံအစိုးရက တန်ဖိုးထားပါတယ်။ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့အပါအဝင် ဆောင်ရွက်ချက်တွေကို ပိုမိုအဆင့်မြှင့်တင်ပြီး နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ဖို့ကို မျှော်လင့်ပါတယ်။ လာမယ့် ၂၀၂၂ ခုနစ် ကမ္ဘာ့ဖလားပွဲ ဒုတိယအဆင့်အကြိုပွဲမှာ နှစ်နိုင်ငံ အုပ်စုတစ်ခုတည်းကအတူ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ စက်တင်ဘာလမှာ ရန်ကုန်မှာ အတူကစားကြမှာဖြစ်ပါတယ်။ နှစ်ဖက်စလုံးက အပြိုင်အဆိုင် အားကြိုးမာန်တက် ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလို ဘက်ပေါင်းစုံ ကူးလူးဆက်ဆံမှုက တစ်ဆင့် ဂျပန်-မြန်မာ ချစ်ကြည်မှုကို ပိုမိုတိုးတက်လာဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဂျပန် နိုင်ငံခြားရေးဝန်ကြီးကို အခုလို ကြိုဆိုနိုင်တဲ့အတွက် ကျွန်မတို့ အများကြီးဝမ်းသာပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံအကြား ရင်းနှီးခင်မင်မှု၊ မိတ်ဆွေဖြစ်မှုကို ကိုယ်စားပြုပြီး လာရောက်တယ်ဆိုတာ အပြည့်အဝ ယုံကြည်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ရေးကို အဖက်ဖက်က ကူညီနေတဲ့ မိတ်ဆွေအနေနဲ့ ကျွန်မတို့ တန်ဖိုးထားပါတယ်။ မပြီးသေးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစိုက်မတ်မတ် ကူညီဆောင်ရွက်နေခဲ့တာကိုလည်း ကျွန်မတို့ အသိအမှတ်ပြုပါတယ်။ နောင်ကိုလည်း ဆက်လက်ကူညီမယ်ဆိုတာ ယုံကြည်ပါတယ်။
“တစ်ကမ္ဘာလုံးက အာရုံစူးစိုက်နေတဲ့ ကျွန်မတို့နိုင်ငံရဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့လည်း ဂျပန်နိုင်ငံက မိတ်ဆွေတစ်ယောက်အနေနဲ့ ကူညီဖြေရှင်းချင်တယ် ဆိုတာကိုလည်း ကျွန်မတို့ ယုံကြည်ပါတယ်။ အဓိကအားဖြင့် နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအကြား ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ သို့သော်ငြားလည်း မိတ်ဆွေများက စေတနာနဲ့ ပြေလည်အောင် ဆောင်ရွက်ပေးချင်တဲ့ ဆန္ဒကိုလည်း ကျွန်မတို့ အလေးထားပါတယ်။
“ကျွန်မတို့ နိုင်ငံကို မှီတင်းနေထိုင်သူတွေ အားလုံး လုံခြုံဖို့အတွက်၊ တည်ငြိမ်ဖို့အတွက်၊ တိုးတက်ဖို့အတွက်၊ ဖွံ့ဖြိုးဖို့အတွက်ဆိုတာ ကျွန်မတို့ရဲ့ ပန်းတိုင်ပဲ ဖြစ်ပါတယ်။ ဒီလိုပန်းတိုင်ကို ရောက်ဖို့ဆိုတာ ကျွန်မတို့က လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဖက်ဖက်က ကြိုးစားနေရပါတယ်။ ဒီလို ကြိုးစားမှုတွေမှာ ပါဝင်ကူညီနေတဲ့ ဂျပန်နိုင်ငံက မိတ်ဆွေတွေကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ မကြာခင် ကျင်းပမယ့် ဂျပန်နဲ့ မြန်မာနိုင်ငံအကြား ဘောလုံးပွဲကိုလည်း အားပေးဖို့ မျှော်လင့်နေပါတယ်။ ဘောလုံးပွဲရဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့ နှစ်နိုင်ငံရဲ့ ခင်မင်ရင်းနှီးမှု၊ မိတ်ဆွေဖြစ်မှုကို ပိုမိုပြီး ဖန်တီးပေးနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အခု ကျွန်မတို့ နိုင်ငံဟာ ကာလတစ်ခုကို ဖြတ်ကျော်နေရချိန်မှာ ကိုယ်တိုင်လည်း ခက်ခဲတဲ့ ကာလတွေကို ဖြတ်ကျော်ခဲ့တဲ့ ဂျပန်နိုင်ငံသူ၊ နိုင်ငံသားများဟာ ကျွန်မတို့အပေါ်မှာ စာနာလိမ့်မယ်၊ နားလည်မှုရှိမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီနေ့ တွေ့ဆုံပွဲကတစ်ဆင့် ဂျပန်နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးကို ကျွန်မတို့ မေတ္တာပို့သနှုတ်ခွန်းဆက်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများ မေးမြန်းသည့် သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အလားတူ အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်အရေးကိစ္စတို့နှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ သီလဝါအထူးစီးပွားရေးဇုန်က အင်မတန်မှ အောင်မြင်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒီစီးပွားရေးဇုန်ထဲမှာ အဓိက ပါဝင်နေတာက ဂျပန်နိုင်ငံက ကုမ္ပဏီတွေ ဖြစ်တာကြောင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဘယ်လိုအသီးအပွင့်တွေ ရမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒီ စီးပွားရေးဇုန် အောင်မြင်တာကြောင့် အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကလည်း အထူးစီးပွားရေးဇုန်တွေ လိုချင်လာကြပါတယ်။ အခုအချိန်မှာတော့ ကျောက်ဖြူ၊ ထားဝယ် နှစ်ခုပဲရှိပါတယ်။ ဒီနှစ်ခုကိုပဲ ကျွန်မတို့ စပြီးဆောင်ရွက်နေပါတယ်။ ခရီးကတော့ မရောက်သေးပါဘူး။
“သို့သော်လည်း ထားဝယ်မှာဆိုရင် လမ်းပန်းဆက်သွယ်ရေးအပိုင်းကို ပထမဦးဆုံး ဂျပန်နဲ့ စပြီး အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကတော့ ဒီလိုပဲ အောင်မြင်မယ် မျှော်လင့်ကြတယ်။ အကောင်အထည်ဖော် ဆောင်ရွက်စေချင်ကြတယ်။ အဓိက သီလဝါ အထူးစီးပွားရေးဇုန်ရဲ့ အောင်မြင်မှုက ကျွန်မအမြင်ကတော့ အလုပ်အကိုင်ဖန်တီးရေးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်နေပါတယ်။ ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်အလုပ်အကိုင်နဲ့ ကိုယ်ဘဝကို ရပ်တည်ပြီး ကိုယ့်ရဲ့ တိုးတက်မှုကို ဖန်တီးနိုင်တဲ့ လူမျိုးဖြစ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။
“ဒါကြောင့် သီလဝါအထူးစီးပွားရေးဇုန်က စီးပွားရေးတိုးတက်တာကိုလည်း ကျွန်မ အင်မတန်မှ အားရပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပြည်သူလူထုတွေက သိက္ခာရှိရှိနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အခြေအနေကိုပေးတဲ့ အလုပ်အကိုင် ဖန်တီးရေး ဆိုတာက အရေးကြီးပါတယ်။ ဒါကြောင့် သီလဝါအထူးစီးပွားရေးဇုန်မှာ ပါဝင်တဲ့ ဂျပန်ကုမ္ပဏီတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဖြေကြားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုခိုနိုက "ဒီနေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပွဲမှာ ဘင်္ဂလားဒေရှ့်မှာရှိတဲ့ ဒုက္ခသည်စခန်းက အင်မတန်ခက်ခဲတဲ့ အခြေအနေမှာ ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။ နေရပ်စွန့်ခွာသူတွေ ပြန်လာနိုင်ရေး အကောင်အထည်ဖော်ဖို့ကိုလည်း မြန်မာအစိုးရအနေနဲ့ ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့လည်း တတ်နိုင်သမျှ အားပေးတိုက်တွန်းသွားမယ်ဆိုတာ ပြောကြားခဲ့ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ယုံကြည်မှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်သွားဖို့ကလည်း အရေးကြီးတယ်ဆိုတာ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ယမန်နေ့က လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဘင်္ဂလားဒေရှ့်ဖက်မှာလည်း စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လို့ရအောင်ဆိုပြီး ဘင်္ဂလားဒေရှ့်အစိုးရနဲ့ သဘောတူညီမှုရခဲ့တယ်ဆိုတာကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြောခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ဒီကိစ္စတွေ ဖြေရှင်းနိုင်ဖို့ကို မြန်မာအစိုးရနဲ့ လက်တွဲပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြန်လည် ရှင်းလင်းဖြေကြားသည်။
သတင်းစဉ်


