တိုကျို၊ ဇူလိုင် ၁

ဂျပန်နိုင်ငံ၏ လူသိများသော  H3 ဒုံးပျံသစ်ကို တတိယအကြိမ်မြောက် လွှတ်တင်ပြီး  ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုကို  ဂြိုဟ်ပတ်လမ်းအတွင်းသို့  အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါဒုံးပျံကို တနင်္လာနေ့ မွန်းလွဲပိုင်းက နိုင်ငံအရှေ့တောင်ပိုင်း ကာဂိုရှီးမားခရိုင်ရှိ တာနီဂါရှီးမား အာကာသစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ရေဒါနည်းပညာသုံး Daichi-4 ဂြိုဟ်တုကို သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများကို လေ့လာရေးတွင် လည်းကောင်း၊ မီးတောင်လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ပုံမှန်မဟုတ် သော ပြောင်းလဲမှုများကို အလျင် အမြန် သိရှိနိုင်ရေးတွင်လည်းကောင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က H3 ဒုံးပျံ ပထမဆုံးအကြိမ် လွှတ်တင်မှုမှာ အောင်မြင်မှုမရှိခဲ့သောကြောင့် သယ်ဆောင်သွားသော ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တု Daichi-3 ကို ဆုံးရှုံးခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် လွှတ်တင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ ကြောင်း သိရသည်။

ယခု တတိယအကြိမ်လွှတ်တင်မှုသည် ဂြိုဟ်တုကြီးကို ဂြိုဟ်ပတ်လမ်းအတွင်းသို့ ပထမဆုံးအကြိမ် အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂျပန်အာကာသစူးစမ်း လေ့လာရေး အေဂျင်စီသည် H3 ဒုံးပျံကို နှစ်စဉ်ခြောက်ကြိမ် လွှတ်တင်ရန် ရည်မှန်းထားသည်။

အင်န်အိတ်ချ်ကေ