၃ ဇွန်
၂၀၁၈ ခုနှစ် ကမ္ဘာ့ကားဈေးကွက် စာရင်းအင်းအချက်အလက်များအရ Toyotaသည် ကမ္ဘာ့ဈေးကွက်၏ ၉ ဒသမ ၄၆ ရာခိုင်နှုန်း၊ Volkswagen မှ ၇ ဒသမ ၃၈ ရာ ခိုင်နှုန်းနှင့် Ford မှ ၅ ဒသမ ၈၃ ရာခိုင်နှုန်းတို့ဖြင့် ရပ်တည်လျက်ရှိပါသည်။ ကမ္ဘာ့ဈေးကွက် ပထမရရှိထားသည့် တိုယိုတာမှ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြင့်မြန်မာနိုင်ငံ၏ မော်တော်ကားကဏ္ဍ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင်း ဂျပန်နိုင်ငံ တိုယိုတာ မော်တာကော်ပိုရေးရှင်းက မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး မြှုပ်နှံ၍ မော်တော်ကားများထုတ်လုပ်မည့် သတင်းကိုဂျပန်သတင်းစာများတွင်သာမက မြန်မာမီဒီယာအများစု၌လည်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြနေကြပါသည်။ တိုယိုတာအမှတ်တံဆိပ်ကို ရှေးယခင်ကပင်မြန်မာလူမျိုးတို့ အသိများကြပါသည်။ တိုယိုတာ မော်တော်ကားများကို မြန်မာပြည်သူများ အကြိုက်များကြသကဲ့သို့ အမှန်တကယ်လည်း အရည်အသွေးပိုင်း၌ တိတိကျကျ ထိန်းသိမ်းထားနိုင်သည့် ကုမ္ပဏီဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မီ မော်တော်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာမော်တာကော်ပိုရေးရှင်းသည် ရောင်းချပြီး တိုယိုတာမော်တော်ကားများ၏ ပျက်စီးချွတ်ယွင်းမှုများကို ပြန်လည်လဲလှယ်ပေးခြင်း၊ ပြုပြင်ပေးခြင်းနှင့် အသစ်အစားထိုးပေးခြင်း စသည့် အာမခံပေးခြင်းဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းကိုလည်း လေ့လာကြားသိဖူးပါသည်။
ပိုမိုရွေးချယ်အသုံးပြုနိုင်တော့မည်
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းကားဈေးကွက်ဝယ်လိုအား တစ်ဟုန်ထိုး တိုးတက်မြင့်မားလာခဲ့ပါသည်။ တိုယိုတာ(မြန်မာ)၏ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်၌ ပြည်တွင်းဈေးကွက်ဝယ်လိုအားမှာ ကားစီးရေ ၁၈၀ဝ၀ ရှိခဲ့ပြီး ယခင်နှစ်များထက် ၂ ဒသမ ၁ ဆကျော် တိုးတက်လာကြောင်း သိရပါသည်။ ယခင်က မြန်မာပြည်သူများအနေဖြင့်တိုယိုတာ Second Hand မော်တော်ကားများကို တင်သွင်းအသုံးပြုနေရာမှ ယခုအခါတွင် မြန်မာနိုင်ငံဈေးကွက်၌ Toyota Hilux၊ Vios နှင့်Rush စသည့် မော်တော်ယာဉ်အမျိုးအစားများကို တိုယိုတာက စက်ရုံလာရောက်တည်ထောင်၍ ထုတ်လုပ်တော့မည်ဖြစ်သည့်အတွက် မြန်မာပြည်သူများအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် ပိုမိုရွေးချယ် အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်လည်း မေလ ၃၀ ရက်နေ့က လာရောက်တွေ့ဆုံခဲ့ကြောင်း ၎င်း ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama လည်း လိုက်ပါခဲ့ပြီး Toyota Motor Asia & Pacific Pte Ltd ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Susumu Matsuda က တိုယိုတာကုမ္ပဏီမှ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး မြှုပ်နှံမည့်အခြေအနေများကို လာရောက်ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က တိုယိုတာမှ မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး မော်တော်ကားများထုတ်လုပ်ခြင်းကို ကြိုဆိုပါကြောင်း၊ နည်းပညာလွှဲပြောင်းမှုနှင့် မော်တော်ကားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့၌ ပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။ တိုယိုတာကုမ္ပဏီအနေဖြင့် သီလဝါအထူးစီးပွား ရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင်မော်တော်ယာဉ်များကို စီးပွားဖြစ်စတင်ထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
တိုယိုတာမော်တာကော်ပိုရေးရှင်း (ရန်ကုန်ရုံးခွဲ)၏ မေလ ၃၀ ရက်နေ့ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်အရ တိုယိုတာမြန်မာ(TMY)ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ကာ သီလဝါအထူးစီးပွားရေးဇုန်၌ ဇွန်လမှစတင်၍ စက်ရုံတည်ထောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လုပ်သားအင်အား ၁၃၀ ခန့်ဖြင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်မည် ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux စီးရေ ၂၅၀ဝ အား Semi Knocked-Down စနစ်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည့်အတွက် မြန်မာပြည်တွင်းကားဈေးကွက် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ပြီး အရည်အသွေးမြင့်သည့် တိုယိုတာ မော်တော်ကားများကို မြန်မာပြည်သူများ စိတ်ကြိုက်ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ဖွဲ့စည်းတည်ထောင်သွားမည့် Toyota Myanmar Co.Ltd ကို လေ့လာကြည့်ရာ၌ ဂျပန်နိုင်ငံမှ Toyota Motor Corporation မှ ၈၅ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံရှိ Toyota Tsusho Corporation မှ ၁၅ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရှိရသည်။ လုပ်ငန်းကို၂၀၁၉ ခုနှစ် ဇွန်လ၌ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် အရည်အသွေးမြင့် ဂျပန်စံချိန်စံòန်းမီ မော်တော်ကားများကို ပြည်တွင်း၌ လာရောက်ထုတ်လုပ်တော့မည်ဟု ကြားသိရသည်မှာလည်း ဝမ်းသာကျေနပ်စရာ ကောင်းလှပေသည်။
တိုယိုတာမော်တော်ကား စက်ရုံဝင်ရောက်လာပါက မြန်မာဈေးကွက်လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်သော မော်တော်ကားထုတ်ကုန်နှင့် ဝန်ဆောင်မှုသစ်များကိုပါ တစ်ပါတည်း မြင်တွေ့ရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံမှတာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ တိုယိုတာ၏ ရင်းနှီးမြှုပ်နှံမှုများသည်မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းရှိကျွမ်းကျင်လုပ်သားများ ပိုမိုတိုးပွားလာစေရေးတို့အတွက်များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါသည်။ ဂျပန်နိုင်ငံမှ အဆင့်မြင့်နည်းပညာများ သယ်ဆောင်လာပြီး မြန်မာ့မော်တော်ကား ထုတ်လုပ်မှုကဏ္ဍရှိ လူသားအရင်း အမြစ်နှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုယိုတာမှ ကြိုးပမ်းအကောင်အထည်ဖော်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် နည်းပညာလွှဲပြောင်းရယူနိုင်မည့် အခွင့်အရေးပင် ဖြစ်ပါသည်။
များစွာအထောက်အကူပြုနိုင်မည်
တိုယိုတာစက်ရုံအနေဖြင့် လုပ်ငန်းစတင်လုပ်ကိုင်သည့်အချိန်၌ ဝန်ထမ်းအင်အား ၁၃၀ ဖြင့် လုပ်ငန်းစတင်ဆောင်ရွက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ မော်တော်ကား တပ်ဆင်ထုတ်လုပ်ခြင်းဆိုင်ရာ အ င်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများအတွက် အခွင့်အရေးတစ်ခုပင်ဖြစ်ပါသည်။ မကြာမီကာလများအတွင်း တိုယိုတာမှ လုပ်ငန်းတိုးချဲ့လာမည်ဆိုပါက ယခုထက် အလုပ်အကိုင်ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်မှုနည်း ပညာတတ်ကျွမ်းသူများကို ပိုမိုမွေးထုတ်ပေးနိုင်တော့မည် ဖြစ်ပါသည်။ တိုယိုတာကဲ့သို့ ကမ္ဘာ့အမှတ်တံဆိပ်မော်တော်ကားများကို ပြည်တွင်း၌ပင် ဝယ်ယူအသုံးပြုနိုင်တော့မည်ဖြစ်သည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ တိုးပွားလာစေရေးကိုလည်း များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။
အားပေးရမည်
အစိုးရသစ်လက်ထက်၌ ပြည်တွင်း၊ ပြည်ပမှအဆင့်မြင့်ပြီး အရည်အသွေးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုများ(Quality Investment) ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ TOYOTA အမှတ်တံဆိပ်ကဲ့သို့ နည်းပညာမြင့်မားသည့် မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံခြင်းကို ကြိုဆိုရမည်ဖြစ်သည်။ တိုယိုတာ(မြန်မာ)စက်ရုံ၌ Toyota Holux, Vios နှင့် Semi Knocked-Down (SKD) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည်ဟု ရည်ရွယ်ထားရာ ပြည်တွင်း၌ အရည်အသွေး ပြည့်ဝပြီး နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်များ ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး အားပေးရမည် ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်၌ တိုယိုတာကုမ္ပဏီမှ မြန်မာနိုင်ငံ၌ မော်တော်ယာဉ်ထုတ်လုပ်နိုင်ရန် လာရောက်ကွင်းဆင်း လေ့လာခဲ့ဖူးကြောင်း ကြားသိရပါသည်။ ထိုစဉ်က မြန်မာ နိုင်ငံ၌ ပြည်ပမှအလုံးစုံတပ်ဆင်ပြီး မောင်းနှင်အသုံးပြုရန်အဆင်သင့်ဖြစ်နေပြီးဖြစ်သော မော်တော်ယာဉ် Complete Built-Up Unit(CBU) များကို တင်သွင်း ရောင်းချခြင်းက CKD ၊ SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချခြင်းထက် ကုန်ကျစရိတ်ပို၍ သက်သာခြင်း၊ မြန်မာနိုင်ငံတွင် Supoorting Industry များဖွံ့ဖြိုးမှု မရှိသေးခြင်းတို့ကြောင့် CKD စနစ်ဖြင့်မော်တော် ယာဉ်ထုတ်လုပ်မှု အဆင်သင့်မဖြစ်သေးဘဲ Spare parts များကိုသာ ထုတ်လုပ်နိုင်ကြောင်း သုံးသပ်အကြံပြုခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို Semi Knocked-Down (SKD) စနစ်ဖြင့် ထုတ်လုပ်ခွင့်ပြုလျက်ရှိပြီး မကြာမီကာလအတွင်း Complete Knocked-Down (CKD)စနစ်ဖြင့် ပြည်တွင်းတွင် ထုတ်လုပ်၍ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်စေရန် အားပေးလုပ်ဆောင်လျက်ရှိပါသည်။ ရောင်းချပြီး တိုယိုတာမော်တော်ကားများအတွက် အပြည့်အဝတာဝန်ယူပေးတတ်သည့် တိုယိုတာကဲ့သို့ တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမည် ဖြစ်ပါသည်။
အကျိုးကျေးဇူးများတိုယိုတာ၏ မော်တော်ကားထုတ်လုပ်မှုဆိုင်ရာ ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများ အသုံးပြု၍ မြန်မာနိုင်ငံသို့ လာရောက်ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း၌ မော်တော်ကားထုတ်လုပ်မှု စံချိန်စံညွှန်းများ မြင့်မား လာစေနိုင်ပါသည်။ မြန်မာပြည်သူများအနေဖြင့် ပြည်တွင်းဖြစ် နိုင်ငံတကာအဆင့်မီ မော်တော်ကားများ ပိုမိုအသုံးပြုနိုင်မည်ဖြစ်ပြီး ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များနှင့်ပါ ချိတ်ဆက်နိုင်ကာ ဈေးကွက်များ ပိုမိုချဲ့ထွင်နိုင်စေမည် ဖြစ်ပါသည်။ ၎င်းအပြင် SKD နည်းစနစ်ဖြင့် မော်တော်ယာဉ်များ ထုတ်လုပ်ပြီး အချိန်တိုအတွင်း နိုင်ငံသားများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်း၊ အင်ဂျင်အသစ်၊ ကားအသစ်ဖြစ်သည့်အတွက် ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချနိုင်ခြင်း၊ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းတို့သည် အဓိက အကျိုးကျေးဇူးများပင် ဖြစ်သည်။
အစိုးရသစ်လက်ထက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာမှများစွာစိတ်ဝင်စားပြီး တိုယိုတာကဲ့သို့ ကမ္ဘာ့အမှတ်တံဆိပ်ကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် မကြာမီကာလအတွင်း ပြည်တွင်းမော်တော်ကားဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတော်အစိုးရ၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် တိုယိုတာကုမ္ပဏီ၊ ပြည်တွင်းရှိ လုပ်ငန်းရှင်၊ ထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် အသုံးပြုမည့်ပြည်သူများအားလုံးအတွက် မလွဲဧကန်ပင် အကျိုးရှိထိရောက်စေနိုင်မည်ဖြစ်ကြောင်း သုံးသပ်မိပါသည်။ ။
မောင်သစ္စာ(ရန်ကင်း)