ရန်ကုန် ၁၂ မေ
မြန်မာနိုင်ငံရှိ ရထားလမ်းပိုင်းများတွင် ပြေးဆွဲအသုံးပြုရန် ဂျပန်အစိုးရ၏ အထောက်အပံ့အစီအစဉ်ဖြင့် ၀ယ်ယူထားသော ရထားတွဲ ၂၁ တွဲသည် ရန်ကုန်သို့ ယနေ့တွင် ရောက်ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရထားတွဲ ၂၁ တွဲကို ဂျပန်နိုင်ငံတွင် ပြေးဆွဲအသုံးပြုခဲ့ပြီး မြန်မာ့မီးရထားက ပြန်လည်မွမ်းမံပြီးပါက မြန်မာနိုင်ငံရှိ ရထားလမ်းပိုင်းများတွင် အသုံးပြု ပြေးဆွဲသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြန်မာ့မီးရထားနှင့် ပူးပေါင်း၍ ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် ရထားတွဲအသစ် ၆၆ တွဲ ဝယ်ယူရန် ဆောင်ရွက်နေပြီး ယင်းမတိုင်မီ ဂျပန်နိုင်ငံ၏ အထောက်အပံ့အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင် အသုံးပြုခဲ့သည့် ရထားတွဲ ၃၂ တွဲကို ယခုနှစ်အတွင်း လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ရာ အဆိုပါ ရထားတွဲများအနက် ယနေ့ရောက်ရှိ သည့်တွဲဆိုင်းများ အပါအဝင် စုစုပေါင်း ရထားတွဲ ၂၆ တွဲမှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ရထားတွဲ ၅ တွဲမှာ ယခုနှစ် ဖေဖော်ဝါရီလက ပထမအကြိမ် ရောက်ရှိထားပြီး မြန်မာ့မီးရထားက ပြုပြင်မွမ်းမံခြင်း၊ ဆေးသုတ်ခြင်းနှင့် စမ်းသပ်မောင်းနှင်ခြင်းများကို ဆောင်ရွက်ပြီးဖြစ်၍ မကြာမီတွင် ရထားလမ်းပိုင်းများတွင် ပြေးဆွဲအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရသည် ယခုကဲ့သို့ ရထားတွဲများ လွှဲပြောင်းပေးအပ်ခြင်းအပြင် ရန်ကုန်မြို့ပတ်ရထားလမ်းပြန် လည်ပြုပြင် မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန်အတွက် ရထားလမ်း အောက်ခံမြေသားနှင့် လမ်းကြောင်း၊ ရထားလမ်းပိုင်းဆောက်လုပ်ရေး ဆက်စပ်ပစ္စည်းများ၊ ရထားလမ်းအချက်ပြ စသည့် ရန်ကုန်မြို့ပတ် ရထားလမ်းကြောင်း ပြုပြင်မွမ်းမံခြင်းကို ဂျပန်နိုင်ငံအကြံပေးကုမ္ပဏီနှင့် မြန်မာ့ မီးရထားတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဂျပန်နိုင်ငံ ODA ချေးငွေ ဂျပန်ယန်း ၂၄ ဒသမ ၈၆၆ ဘီလီယံနှင့် နိုင်ငံတော်ဘဏ္ဍာ ငွေကျပ် ၅၄ ဘီလီယံဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ၉၄ ကီလိုမီတာကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ၅ နှစ် သတ်မှတ်ကာ ချေးငွေဖြင့်ခေတ်မီအချက်ပြ စနစ်တပ်ဆင်ခြင်းလုပ်ငန်းနှင့် DEMU ၁၁ ဆိုင်း ၆၆ တွဲ ဝယ်ယူခြင်း၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် သံလမ်းနှင့် မြို့ပြဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ စတုတ္ထ(၁)နှစ်တာဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားထားသည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းများ အဆင့်မြှင်တင်ခြင်းများအပါအဝင် သယ်ယူပို့ဆောင်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရာတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇင်ဦး(မြန်မာ့အလင်း)


