၂၂ ဇွန်

 

ဂျပန်နိုင်ငံက ဘောလုံးပွဲနဲ့ ဘေ့စ်ဘောပွဲစဉ်တွေကို ဇူလိုင် ၁၀ ရက်နေ့ကစပြီး ပရိတ်သတ် ၅,၀၀၀ အထိ လာရောက်ကြည့်ရှုခွင့် ပေးသွားမယ်လို့ ဒီနေ့(တနင်္လာနေ့) မှာ ကြေညာလိုက်ပါတယ်။

 

နိပွန် ဘေ့စ်ဘောအဖွဲ့၊ ဂျေလိဂ် ဘောလုံးအဖွဲ့ဟာ ကူးစက်ရောဂါ ပြန့်ပွားရေးဆိုင်ရာ ပညာရှင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအပြီး  သတင်းစာရှင်းလင်းပွဲကနေ ဇူလိုင် ၁၀ ရက်နေ့မှာ ကျင်းပမယ့် ပွဲစဉ်မှာ ပွဲကြည့်ပရိတ်သတ်တွေကို လာရောက်ရှုကြည့်ခွင့် ပေးသွားမှာဖြစ်ကြာင်း၊ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကိုလည်း လက်ခံထားပြီးဖြစ်ကြောင်း ဘေ့စ်ဘောအဖွဲ့မှ တာဝန်ရှိသူ အက်ဆူရှီ ဆိုင်းတို က ပြောကြားသွားတာဖြစ်ပါတယ်။

 

အားကစားကွင်းမှာ ပွဲကြည့်ပရိတ်သတ် ၅,၀၀၀ သို့မဟုတ် အားကစားကွင်းမှာ လက်ခံနိုင်တဲ့ ပွဲကြည့်ပရိတ်သတ်ရဲ့ ၅၀ ရာခိုင်နှုန်းအထိ လက်ခံသွားမှာဖြစ်ပြီး ပွဲကြည့်ပရိတ်သတ်တွေဟာ မျက်နှာဖုံး ဝတ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်းနဲ့ အော်ဟစ်အားပေးခြင်း မပြုရလို့ သိရပါတယ်။

 

ဂျေလိဂ် ဘောလုံးပွဲစဉ်တွေဟာ ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်လည်စတင်မှာဖြစ်ရာ ပထမပွဲစဉ်တွေကိုတော့ ပရိတ်သတ်မပါဘဲ ကျင်းပသွားရမှာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံမှာ ပြဌာန်းထားတဲ့ ကျန်းမာရေးအရ အရေးပေါ်အခြေအနေကို ပြီးခဲ့တဲ့လက ဖယ်ရှားလိုက်ပြီး  အားကစားပွဲတွေကို ပရိတ်သတ်တွေ ပြန်လည်ကြည့်ရှု့ခွင့် တဖြေးဖြေးခွင့်ပြုပေးမယ်လို့ အစိုးရက ပြောခဲ့ဖူးပါတယ်။

 

MDN

ကိုးကား - AFP