ဖေဖော်ဝါရီ ၁၉

ဂျပန်နိုင်ငံအကောက်ခွန်အာဏာပိုင်များသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ လေဆိပ်များနှင့် ပင်လယ်ဆိပ်ကမ်းများတွင် တရားမဝင် မူးယစ်ဆေးဝါး ၃၂၁၁ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိခဲ့ရာ ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မကြာသေးမီက အစိုးရ၏ အချက်အလက်များက ဖော်ပြထားသည်။

အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် ၂၀၁၉ ခုနှစ်မှစတင်ကာ ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သုံးတန်ကျော်မြင့်တက်လာပြီး စံချိန်တင်ဒုတိယအကြီးမားဆုံးဖြစ်သော မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်လာခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကောက်ခွန်နှင့် အခွန်ကောက်ခံရေးဗျူရို၏ ပြောကြားချက်အရ သိရသည်။

ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများအနက် ဆေးခြောက် ၁၅၃၁ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ရာ ယခင်နှစ်ကထက် ၃ ဒသမ ၅ ဆခန့် မြင့်တက်လာခဲ့သည်ဟု သိရသည်။ တင်ပို့မှု၏ မူလအစအရ အမေရိကန်ပြည်ထောင်စုသည် တွေ့ရှိရသည့် ဆေးခြောက်အမှုများ၏ ၄၃ ရာခိုင်နှုန်းရှိပြီး၊ ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံမှ ၂၇ ရာခိုင်နှုန်းနှင့် ဗီယက်နမ်မှ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း  ဖော်ပြထားသည်။

တရားမဝင် မူးယစ်ဆေးဝါးများထဲတွင် စိတ်ကြွဆေး ဖမ်းဆီးရမိမှု  ကီလိုဂရမ် ၈၄၀ ရှိရာ ၅၃ ရာခိုင်နှုန်း ကျဆင်းပြီး ကိုကင်းနှင့် MDMA ကဲ့သို့သော မူးယစ်ဆေးဝါး  ၇၉၈ ကီလိုဂရမ်ရှိကာ ၄၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။

တရားမဝင် မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုသည် အလွန်ဆိုးရွားပြီး နယ်စပ်ထိန်းချုပ်ရေး အစီအမံများကို ဆက်လက် တင်းကြပ်စွာ ပြဋ္ဌာန်းသွားမည်ဟု ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ခရီးသည်များ လေယာဉ်ဖြင့် တရားမဝင် မှောင်ခိုတင်သွင်းမှု ၂၉ ရာခိုင်နှုန်း မြင့်တက်ကာ ၃၇၀ အထိ ရှိခဲ့ပြီး နိုင်ငံတကာ စာတိုက်မှတစ်ဆင့် ပို့ဆောင်သူများမှာ ၂၂ ရာခိုင်နှုန်း ကျဆင်းကာ ၄၂၈ အထိ ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို