ဇန်နဝါရီ ၂
ဂျပန်နိုင်ငံအလယ်ပိုင်း အီရှီကာဝါစီရင်စုတွင် ပြင်းအား ၇ ဒသမ ၆ ပမာဏရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၄၈ ဦး ရှိလာကြောင်း အင်န်အိတ်ချ်ကေ သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါအားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အီရှီကာဝါ၊ နီဂါတာ၊ တိုယာမာနှင့် ဂီဖူစီရင်စုများတွင် ဒဏ်ရာရရှိသူများရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။
ထိုငလျင်ကြောင့် လမ်းများပေါ်တွင် အပျက်အစီးများပိတ်ဆို့လျက်ရှိရာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးလျက်ရှိသည်ဟု ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဂျပန်မိုးလေဝသအေဂျင်စီက ယင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်ပင်လယ်ပြင်တွင် ဆူနာမီဆိုင်ရာ အကြံပြုချက်များ အားလုံး ရုပ်သိမ်းခဲ့သော်လည်း မိုးလေဝသဆိုင်ရာတာဝန်ရှိသူများက လာမည့်သီတင်းပတ်အတွင်း အထူးသဖြင့် လာမည့်နှစ်ရက်၊ သုံးရက်အတွင်း အားကောင်းသောငလျင်နောက်ဆက်တွဲများလှုပ်ခတ်နိုင်ကြောင်း သတိပေးပြောကြားထားသည်။
ဂျပန်နိုင်ငံတွင် အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့နောက်ပိုင်း ငလျင်လှုပ်ခတ်မှု ၁၅၅ ကြိမ် ထက်မနည်းရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို