ဂျပန်နိုင်ငံ၌ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ပေးသည့် စက်ရုပ်များကို  လာမည့်လအတွင်း လမ်းမများပေါ်တွင် သွားလာခွင့်ပြုမည်

 

တိုကျို၊ မတ်၊ ၂၈

 

ဂျပန်နိုင်ငံ၌ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ပေးသည့်စက်ရုပ်များကို လာမည့်လမှစတင်ကာ မြို့တွင်းလမ်းမများပေါ်တွင် သွားလာခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

 

ကုန်ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီများက အဆိုပါစက်ရုပ်အမျိုးအစား ရှစ်မျိုးကို ယနေ့ ထုတ်ဖော်ပြသ ခဲ့သည်။ ယင်းစက်ရုပ်အမျိုးအစားများကို တီထွင်ထုတ်လုပ်ဖြန့်ချိသည့် ကုမ္ပဏီများတွင်ကား ထုတ်လုပ်ရေး၊ စက်သုံးပစ္စည်းကုမ္ပဏီနှင့် အွန်လိုင်း လက်လီရောင်းချသည့်ကုမ္ပဏီတို့ ပါဝင်သည်။

 

Panasonic Holdings သည် အဆိုပါကုမ္ပဏီများအနက် တစ်ခုဖြစ်ပြီး ကုန်ပစ္စည်းပို့ဆောင်ပေးသည့် စက်ရုပ်တစ်မျိုးကို သရုပ်ပြခဲ့ကြောင်း သိရသည်။ ၎င်း၏စက်ရုပ်သည် သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ကုန်ပစ္စည်းများ ပို့ဆောင်ပေးရန် ဒီဇိုင်းရေးဆွဲထားသည်။ ၎င်းသည် လမ်းလျှောက်နှုန်းအတိုင်း ရွေ့လျားပြီးအတားအဆီးများနှင့် ကြုံတွေ့ပါက အလိုအလျောက် ရပ်တန့်နိုင်စွမ်း ရှိသည်။

 

အဆိုပါစက်ရုပ်များသည် ပို့ဆောင်ရေးလုပ်သား ရှားပါးမှုကို ကူညီထောက်ပံ့ပေးပြီး ကျေးလက်ဒေသ များတွင် ဈေးဝယ်ရလွယ်ကူစေမည်ဟု မျှော်လင့်ရသည်။ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနသည် နည်းပညာဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်