တိုကျို အောက်တိုဘာ ၁၃
ဂျပန်နိုင်ငံ၌ အိုမီခရွန် BA.5 ဗီဇပြောင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများကို ပြည်သူများအား စတင်ထိုးနှံပေးနေကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ ဒေသအသီးသီးတွင် ယနေ့မှစတင်၍ အဆိုပါဗီဇပြောင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိသည်။ ယခုကာကွယ်ဆေးကို အသက် ၁၂ နှစ်နှင့် အထက်ရှိ လွန်ခဲ့သည့် ငါးလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူများအား ထိုးနှံ ပေးရန် သတ်မှတ်ထားသည်။
ဂျပန်နိုင်ငံအတွင်း ယခုနှစ်နှစ်ကုန်နှင့် နှစ်သစ်ကူးကာလများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာနိုင် သဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေသည်။
စက်တင်ဘာလအတွင်းက နိုင်ငံအတွင်း အိုမီခရွန် BA.1 ဗီဇပြောင်း ဗိုင်းရပ်စ်ကာကွယ်ဆေးများကို စတင် ထိုးနှံပေးခဲ့သည်။ ယခုနှစ်နှစ်ကုန်၌ နိုင်ငံ အတွင်း BA.5 နှင့် BA.1 ကာကွယ်ဆေးထိုးနှံမှုကို နိုင်ငံသား ၇၆ ဒသမ ၅၂ သန်း ခံယူရဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနကပြောကြားသည်။ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများ ခံယူကြရန် နိုင်ငံသားများအား တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ