တိုကျို ဇန်နဝါရီ ၂
အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် အိုရှိခဝါစီရင်စု ဝါဂျီးမားမြို့၌ တနင်္လာနေ့ ညနေ ၄ နာရီ ၂၁ မိနစ်တွင် ၁ ဒသမ ၂ မီတာကျော်သည့် ဆူနာမီဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်၌ ဖော်ပြထားသည်။ ထို့အပြင် တိုယာမာစီရင်စု တိုယာမာမြို့၌ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ၈၀ စင်တီမီတာရှိသော ဆူနာမီဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ နီးဂါတာ စီရင်စု ကာရှီဝါဇကီမြို့၌လည်း ညနေ ၄ နာရီ ၃၆ မိနစ်တွင် ၄၀ စင်တီမီတာရှိသော ဆူနာမီ ဖြစ်ပေါ်ခဲ့သည်။
ဆူနာမီသည် ကမ်းခြေကို ကြိမ်ဖန်များစွာရိုက်ခတ်နိုင်
ဆူနာမီသည် ဂျပန်ပင်လယ်ကမ်းရိုးတန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ဆူနာမီသည် ပင်လယ်ကမ်းခြေကို ကြိမ်ဖန်များစွာ ရိုက်ခတ်နိုင်ပြီး ပိုမိုမြင့်မားလာနိုင်ကြောင်း သိရသည်။ အဆိုပါဒေသမှ ပြည်သူများသည် ချက်ချင်းဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန်နှင့် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့် ပိုမိုမြင့်မားသော ကုန်းမြင့်များတွင် တိမ်းရှောင်ကြပြီး ကမ်းခြေနှင့် ဖြစ်နိုင်သမျှ အဝေးဆုံးတွင်နေကြရန် သတိပေးထားသည်။
ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
အခြားသတင်းတစ်ရပ်တွင် ဂျပန်မိုးလေဝသ အေဂျင်စီသည် အိုရှိခဝါစီရင်စုအတွက် ထုတ်ပြန်ထားသော ဆူနာမီ သတိပေးချက်ကို အဆင့်လျှော့ချလိုက်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဂျပန်ကမ်းရိုးတန်းရှိ ကျန်ရှိသော စီရင်စုများအတွက် ဆူနာမီဆိုင်ရာ အကြံပြုချက်များကို ထုတ်ပြန်ထားကြောင်း အဆိုပါ အေဂျင်စီက ပြောသည်။ ဇန်နဝါရီ ၁ ရက်က ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံများစွာ ပြိုကျခဲ့မှုနှင့် ပတ်သက်ပြီး ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟာယာရှိ ယိုရှီမာဆာက အတည်ပြုပြောသည်။
အင်န်အိတ်ချ်ကေ